Home
မြန်မာသတင်း
Non-CDM ဝန်ထမ်းများကြား လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေပြီး အလုပ်ထွက်သူများရှိလာ 
DVB
·
January 13, 2025

စစ်ကောင်စီရဲ့ နယ်မြေစွန့်လွှတ်ရမှုတွေ များလာတဲ့အလျှောက် စစ်ကောင်စီလက်အောက်က Non- CDM  ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေမြင့်တက်နေပြီး အလုပ်ထွက်စာတင်တာတွေ လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေထိုင်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ 

လတ်တလော တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေ စိုးမိုးမှုအသာစီးရလာနေပြီး သိမ်းပိုက်ရရှိတဲ့နေရာတွေက Non CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေ ရှာဖွေသိမ်းဆည်းခံရတာနဲ့ အဝေးပြေးလမ်းမတွေပေါ် ဖြတ်သန်းသွားလာနေတဲ့ Non CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာတွေကြောင့် ဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတာလို့ စည်ပင်ရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခု ဝန်ထမ်းတွေကြားမှာ စိုးရိမ်နေတာက ဒီ စစ်တပ်က ရှုံးသွားခဲ့ရင် ငါတို့ ဘယ်လို လုပ်ကြမလဲပေါ့၊ လားရှိုးတို့ မိုးကုတ်မှာ ဝန်ထမ်းတွေ ထွက်ပြေးရတာ ဝန်ထမ်းတွေရဲ့ ပစ္စည်းတွေ အသိမ်းခံရတာတွေ ရှိတယ်လေ။ အခုဆို CDM လုပ်သလို လုပ်ချင်လာတာတွေ၊ လက်ရှိ အလုပ်တွေက ထွက်ပြီး တခြားအလုပ်ပဲ လုပ်ချင်တာတွေနဲ့ တအားကိုပွက်လောရိုက်နေတာ။ တလောက Non CDM တွေ အဖမ်းခံရတယ်လို့လည်း ကြားတော့ မသွားရဲ မလာရဲဖြစ်ပြီး အရမ်းကို စိုးရိမ်နေကြတာ။ တချို့ဆို အလုပ်ထွက်ပြီး နေရာတွေပါ ပြောင်းနေကြပြီ။ အလုပ် ထွက်တာတွေလည်း ရှိတယ်။ ရိုးရိုးအောက်ခြေစာရေးလောက်ဆို ဘာမှ သိပ်မပြောဘူး၊ ဒါပေမဲ့ နည်းနည်း ရာထူးရှိတဲ့သူဆိုရင်တော့ နုတ်ထွက်စာ လက်မခံဘူး။”

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွေမှာလည်း တိုက်ပွဲကူးစက်လာနိုင်လို့  Non CDM ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းထားဖို့ အစည်းအဝေးခေါ်ယူကာ  မှာကြားထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ပွဲတွေဖြစ်ပွားလာရင် စခန်းကို စွန့်ခွာမသွားဖို့ လျှို့ဝှက်မှာကြားထားတယ်လို့  ရဲဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ယောက်လည်း ပြောပါတယ်။

“ရဲဝန်ထမ်းတွေကို အပြင်ထွက်တာတွေ သွားတာလာတာတွေကို low profile နဲ့နေဖို့ ဖြစ်နိုင်ရင် လုံးဝမထွက်ဖို့ အခု ရန်ကုန်တိုင်းမှာဆို PDF တွေက တဖြည်းဖြည်း စိမ့်ဝင်နေတာဖြစ်လို့ ဘယ်သူ့ကိုမှ မယုံကြည်ဖို့ မိမိရဲ့စခန်းကို အတတ်နိုင်ဆုံး စွန့်ခွာမသွားဖို့၊ ကာကွယ်ဖို့၊ နောက် မိသားစုဝင်တွေကိုလည်း လုံခြုံတဲ့နေရာ ကြိုတင်ပြောင်းရွှေ့ထားဖို့ တကယ်ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ကြုံလာခဲ့ရင် ကိုယ့်ရဲ့စခန်းကို ကာကွယ်ထားဖို့ အဲဒါတွေ ညွှန်ကြားတယ်။ ပြီးတော့ လက်ရှိ တိုက်ပွဲတွေ ရှုံးနေတယ်ဆိုတာကို အချင်းချင်းကြားမှာ မိသားစုတွေကြားမှာ လုံးဝမပြောဖို့ ရဲတပ်ဖွဲ့ဝင်ကို လျှို့ဝှက်ညွှန်ကြားတာတွေရှိတယ်။”

အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲအခြေအနေတွေက ချောင်းသာကမ်းခြေနဲ့ ၄ နာရီကျော်သာဝေးတဲ့ ပုသိမ်မြို့နယ် မကျီးဇင်တိုက်နယ်ထဲကို ရောက်ရှိလာနေပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်း အပါအဝင် ရန်ကုန်မြို့က Non CDM ဝန်ထမ်းတွေကို နေရာပြောင်းခိုင်းတာ မိသားစုဝင်တွေကို လုံခြုံတဲ့ နေရာတွေဆီ ရွှေ့ပြောင်းခိုင်းတာတွေ ဆက်တိုက်ညွှန်ကြားနေတာ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013