Home
နိုင်ငံတကာ
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်  မဟာမိတ်များကိုပါ ထရမ့်ပ် ခြိမ်းခြောက်
DVB
·
January 24, 2025
Photo : Reuters

ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပသွားတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ ဒုတိယသက်တမ်းအတွက် ပထမဆုံး နိုင်ငံတကာမိန့်ခွန်းကို အွန်လိုင်းကနေ ပြောကြားခဲ့ပါတယ်။

အဲဒီဖိုရမ်မှာ ကမ္ဘာတဝန်းက လုပ်ငန်းရှင်တွေအနေနဲ့ အမေရိကန်နိုင်ငံဆီ စက်မှုလုပ်ငန်းတွေ ရွှေ့လာဖို့ဆိုတဲ့ တောင်းဆိုချက်နဲ့ ထရမ့်ပ်ရဲ့ မိန့်ခွန်းကို အစပျိုးခဲ့ပါတယ်။

တကယ်လို့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အခွန်လျှော့ချပေးမှာဖြစ်ပြီး ငြင်းပယ်ခဲ့ရင်တော့ စီပွားရေးလုပ်ငန်းတွေအပေါ် အခွန်စည်းကြပ်မယ့်အကြောင်း သတိပေးခဲ့ပါတယ်။

အဲဒီနောက် တကျော့ပြန်သမ္မတ ထရမ့်ပ်က ပြိုင်ဘက်နိုင်ငံတွေ အပါအဝင် မဟာမိတ်တွေဖြစ်တဲ့ ကနေဒါနဲ့ ဥရောပသမဂ္ဂကိုပါ သွင်းကုန်ခွန် တိုးကောက်မယ်ဆိုပြီး နောက်တကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါကြောင့် ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအတွင်း နိုင်ငံတကာဆက်ဆံရေးအပေါ်  ချဉ်းကပ်တဲ့ပုံစံဟာ “ချော့လိုက် ခြောက်လိုက်” (Carrot-and-Stick) ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ဥရောပအတွက် ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံတခုဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာဆိုရင် ၁၃၁ ဘီလီယံအထိ ကုန်သွယ်မှုလိုငွေ ပြခဲ့တယ်လို့ အစိုးရရဲ့  တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

ဒါဟာ အမေရိကန်က ဥရောပတိုက်ကို ဒေါ်လာ ၅၉၂ ဘီလီယံဖိုး ကုန်စည်တင်ပို့မှု ရှိပေမဲ့လည်း ဒေါ်လာ ၇၂၃ ဘီလီယံဖိုးအထိ ပြန်တင်သွင်းခဲ့ရတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က ကမ္ဘာ့ရေနံဈေးနှုန်း လျှော့ချလိုကြောင်း ပြောဆိုကာ ရေနံအဓိကထုတ်လုပ်တဲ့ ဆော်ဒီအာရေဗျ အပါအဝင် OPEC အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ဖြည့်စွက်ပြောပါတယ်။

လက်ရှိဖြစ်ပွားနေဆဲ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရေနံ​စျေးတက်ခဲ့တဲ့အလျောက် စျေးပြန်ချနိုင်မယ်ဆိုရင် စစ်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်တယ်လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။

လာမယ့်နှစ်တွေမှာ အမေရိကန်နယ်နိမိတ် ထပ်တိုးချဲ့ချင်တဲ့အပြင် အဲဒီထဲမှာ ပနားမားတူးမြောင်း၊ ဂရင်းလန်ကျွန်းနဲ့ ကနေဒါနိုင်ငံကိုပါ ထည့်သွင်းလိုကြောင်း ထရမ့်ပ်က ထပ်ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ တရုတ်ပြီးရင် နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံ ဖြစ်ပေမဲ့လည်း ရာသီဥတုပြောင်းလဲမှု လျှော့ချရေးမူဝါဒတွေအပေါ် အယုံအကြည်မရှိဘဲ ထရမ့်ပ်က မေးခွန်းထုတ်ခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024