စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ အပစ်ရပ်စဲကြောင်း လက်မှတ်ထိုးပြီးနောက်ပိုင်း တရုတ်နိုင်ငံက နယ်စပ်ဂိတ်တချို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပေမဲ့ ရှမ်းမြောက်ဒေသမှာ အခြေခံကုန်ဈေးနှုန်း သိသိသာသာ ကျဆင်းတာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် အာဏာသိမ်းစစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်တို့ တရားဝင်အပစ်အခတ်ရပ်စဲကြောင့် ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုး လိုက်ပါတယ်။
အဲ့ဒီနောက် တရုတ်နိုင်ငံက ပိတ်ထားတဲ့ ကိုးကန့်ဒေသက နယ်စပ်ဂိတ် ၂ ခုနဲ့ ‘၀’ ဒေသက နယ်စပ်ဂိတ် တခုကို ဖွင့်လှစ်ပေးခဲ့တာပါ။
ဒါ့အပြင့် UWSA ‘၀’ တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသနဲ့လည်း ကိုးကန့်ဒေသကို ပြန်လည်ကုန်သွယ်ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာ- တရုတ်နယ်စပ်မှာရှိတဲ့ ရှမ်းမြောက်ဒေသက မြို့နယ်အများစုမှာ အခြေခံကုန်ဈေးနှုန်း သိသိသာသာ ကျဆင်းတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ခံတယောက်က “တရုတ်က နယ်စပ်ဂိတ်တွေဖွင့်လှစ်လိုက်တယ်ဆိုပေမဲ့ ကွန်ပျူတာ၊ ဆိုလာတို့လို့ လျှပ်စစ်ပစ္စည်းတွေကို မြန်မာဘက်ကို ပေးမဝင်ဘဲ ကန့်သတ်ထားပါတယ်။ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေကိုပဲ ခွင့်ပြုထားတာကြောင့် လားရှိုးမြို့မှာတော့ တရုတ်ကဝင်တဲ့ စက်သုံးဆီနဲ့ စားဆီဈေးနှုန်း အနည်းငယ်ကျဆင်းပါတယ်။ ရှမ်းမြောက်ဘက်ကို မြန်မာပြည်တွင်းတင်ပို့တဲ့ စားသောက်ကုန်ဈေးနှုန်းတွေကတော့စစ်ကောင်စီ ဂိတ်တွေရဲ့ ကန့်သတ်ထားမှုတွေကြောင့် ဈေးကျတာမရှိဘူး” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်နီးပါးအတွင်း မြန်မာ- တရုတ်နယ်စပ်မှာရှိတဲ့ ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ရွာတွေကို တိုင်းရင်းသားတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ်။
အဲ့ဒီနောက် တိုင်းရင်းသားတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသမှာရှိတဲ့ နယ်စပ်ဂိတ် ၁၅ ခု ဝန်းကျင် အားလုံးနီးပါးကို တရုတ်နိုင်ငံက ပိတ်လိုက်ပါတယ်။
အဲ့ဒီလို ပိတ်လိုက်ပြီး နောက်ပိုင်း တရုတ်ဟာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ကို အပစ်ရပ်ဖို့ ကြားဝင်ညှိနှိုင်းပေးပြီး အခုလို ရှမ်းမြောက်က နယ်စပ်ဂိတ် ၃ ခုကို တရားဝင် ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။