Home
မြန်မာသတင်း
၈ နှစ်သားအား လိင်ပိုင်းဆိုင်ရာကျင့်ကြံပြီး အလောင်းရေထဲပစ်ချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ 
DVB
·
January 24, 2025
Photo-amarintv

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင် ဖရစမွတ်ကျေးဒီးမြို့နယ်မှာ ၈ နှစ်သား ထိုင်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာပြုကျင့်၊ လည်ပင်းညှစ်ကာ အလောင်းကို ရေထဲပစ်ချခဲ့တဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖရစမွတ်ကျေးဒီးမြို့ ဘန်ပလာကုတ်အုပ်စု မိုင်းခေါင်းရပ်ကွက်က  နောင့်အေ (အမည်လွှဲ) ဆိုသူ ၈ နှစ်ရွယ်ကလေးတယောက်ာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညနေက အဖော်တွေနဲ့ ဘောလုံးကစားနေရင်း ပျောက်ဆုံးနေတဲ့အတွက် မိဘအုပ်ထိန်းသူတွေက ဖရစမွတ်ကျေးဒီးမြို့နယ် ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက ကလေးငယ်ကို လိုက်လံရှာဖွေသလို အနီးနားရှိ စီစီကင်မရာတွေလည်း ဖွင့်ကာစစ်ဆေးကြည့်ရှုခဲ့တယ်။  ကင်မရာထဲမှာ ကလေးနဲ့ နောက်ဆုံးအတူရှိနေခဲ့သူဟာ သူတို့ ရပ်ကွက်ထဲမှာ ပလာတာလုပ်ရောင်းနေတဲ့  အသက် ၂၅ နှစ်ရွယ်ရှိ အပ္ပဒူလ် ခေးထိမ်း ဆိုသူ မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်လို့ ရဲစခန်းတာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

စီစီကင်မရာထဲမှာ ဘောလုံးကစားနေတဲ့ကလေးကို အပ္ပဒူလ်က ဆိုင်ကယ်နဲ့ ခေါ်တင်သွားတယ်၊  ကုန်စုံဆိုင်မှာ တခုခုဝင်ဝယ်တယ်၊ ပြီးတော့ ကလေးကိုရှေ့ကထိုင်စေပြီး တင်သွားတယ်၊ ညဘက်မှာ အပ်ဒူလ်တယောက်တည်း ဆိုင်ကယ်စီးပြီးပြန်လာတွေ့တယ်၊ ဒါကြောင့်  သူ့ကိုဖမ်းပြီး  စစ်ဆေးခဲ့တယ်၊ အစပိုင်းမှာ သူကငြင်းဆန်ပေမဲ့ တညလုံးစစ်ဆေးတော့ ဝန်ခံလိုက်တယ်လို့ ဆိုပါတယ်။  

အပ္ပဒူလ်က ရပ်ကွက်ထဲက ကလေးတွေကို ပလာတာကျွေးလေ့ရှိတယ်၊  နောင့်အေ ကိုလည်း ဆိုင်ကယ်နဲ့ခေါ်လည်ပြီး မုန့်ဝယ်ကျွေးလေ့ရှိတယ်၊ ဒါကြောင့် ကလေးက သူခေါ်တာကို မငြင်းဘဲလိုက်သွားတယ်၊ အခင်းဖြစ်တဲ့နေ့က အပ္ပဒူလ်က အရက်သောက်ထားတယ်၊  ကလေးကိုခေါ်သွားပြီး တနေရာအရောက် မကောင်းတဲ့စိတ်တွေဝင်လာပြီး  ကလေးကို  ခြံပျက်ကြီးတခုထဲ ခေါ်သွားတယ်၊ ကလေးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ဖို့လုပ်စဉ် ကလေးက ငြင်းဆန်ပြီး အော်တဲ့အတွက် လည်ပင်းညစ်လိုက်တယ်၊ ကလေးငြိမ်ကျသွားတော့ လန့်ဖြတ်ပြီး အနီးက ရေကန်ထဲ ပစ်ချလိုက်တယ်လို့ ဝန်ခံသွားပါတယ်။ 

ရဲတွေက ဇန်နဝါရီ ၂၃ ရက်မှာ သူပြောတဲ့ရေကန်နားသွားကြည့်ရာ ရေကန်ထဲမှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ကလေးကို တွေ့ရပါတယ်၊ အင်္ကျီသာရှိပြီး အောက်ပိုင်းဗလာနဲ့ လည်ပင်းမှာ ညိုမည်းဒဏ်ရာ၊ လိင်ပိုင်းဆိုင်ရာပြုကျင့်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အပ္ပဒူလ်ကို သူကျူးလွန်တာတွေ သရုပ်ပြပြန်လုပ်ခိုင်းဖို့ ရပ်ကွက်ထဲခေါ်ဆောင်လာစဉ် နောင့်အေရဲ့ မိဘအုပ်ထိန်းသူ ဆွေမျိုးနဲ့ ရပ်ကွက်ထဲကလူတွေ ဝိုင်းဆဲကြပြီး သူ့ကိုရိုက်နှက်ဖို့ ကြိုးစားကြတယ်။ နောင့်အေရဲ့ မိခင်ကတော့  ငိုရင်းနဲ့ သတိလစ်သွားပါတယ်။ 

သူတို့မှာ ဒီသားလေးတယောက်တည်းသာရှိပြီး ရန်ငြိုးရန်စမရှိဘဲ ခုလိုရက်စက်စွာ ပြုကျင့်ခံရတဲ့အပေါ် ဖြေမဆည်နိုင်ဘဲ အပ္ပဒူလ်ကို သေဒဏ်ပေးဖို့ လိုလားနေကြပါတယ်။ 

အပ္ပဒူလ်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျပြီး ပြည်နှင်ဒဏ်အပေးခံရတယ်၊ သူဟာ လွန်ခဲ့တဲ့ ၃ လကမှ ထိုင်းနိုင်ငံထဲ တရားမဝင် ပြန်ဝင်လာပြီး ခုလိုကြီးမားတဲ့ပြစ်မှု ကျူးလွန်တာလို့  ဆိုပါတယ်။ 

ရဲတပ်ဖွဲ့က သူ့ကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်အား သွေးဆောင်ဖြားယောင်းမှု၊ မိဘအုပ်ထိန်းသူနှင့် ခွဲထားမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အရေးယူထားတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source : workpoint news / Thairath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013