အွန်လိုင်းအလုပ်အကိုင်လိမ်လည်မှုတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို ခရီးမသွားဖို့ အနီရောင်အဆင့်ဖြစ် ဟောင်ကောင်ကထုတ်ပြန်တယ်လို့ ဇန်နဝါရီ ၁၈ ရက်နေ့ ဒီကနေ့ တရုတ်နိုင်ငံအခြေစိုက်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြဝတီ၊ ဖာပွန်၊ ဘားအံနဲ့ ကော့ကရိတ်မြို့တို့ကို မလိုအပ်ဘဲ ခရီးမသွားဖို့ ခရီးသွားခဲ့ရင် သတိထားနေထိုင်ဖို့ကို ထုတ်ပြန်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက ကျန်တဲ့ဒေသတွေကိုလည်း ပယင်းရောင်အဆင့် အန္တရာယ်အလယ်အလတ်ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။
ဟောင်ကောင်အာဏာပိုင်တွေအနေနဲ့ တရားမဝင်အလုပ်လုပ်ဖို့ လိမ်လည်ဖျားယောင်းခံရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားက ဟောင်ကောင်နိုင်ငံသား ၁၂ ယောက်ကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ် လို့လည်းဆိုထားပြီး ကမ္ဘောဒီးယားနိုင်ငံကိုလည်း ခရီးသွားဖို့ အန္တာရာယ်ပယင်းရောင်အဆင့် သတ်မှတ်ထားပါတယ်။
လုံခြုံရေးဆိုင်ရာ အတွင်းဝန် Chris Tang Ping-keung က ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ချုပ်နဲ့ ပြီးခဲ့တဲ့သောကြာနေ့မှာတွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေအကြောင်း ဆွေးနွေးဖို့ ပြောခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တွေ့ဆုံမှုကနေ အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေရခဲ့ပြီး ဟောင်ကောင်သားတွေကို ပြန်ကယ်ဖို့ နှစ်ဖက်စလုံးက မျှော်လင့်ချက်ရှိတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေး ဗျူရိုကိုယ်စားလှယ်တွေဟာ ကြာသပတေးနေ့ကလည်း ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ခရီးမသွားသင့်တဲ့ အနီရောင်အဆင့် နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိတဲ့ အဆင့် ၄ နေရာမှာရှိနေပါတယ်။