တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသားတွေကို ကိုရီးယားနိုင်ငံတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားပါမယ်လို့ တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးတာနဲ့ သက်တမ်းကုန်သွားတဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးတာကို အာဏာသိမ်းစကတည်းက ပြုလုပ်မပေးတော့တာပါ။
ဒါကြောင့် တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့် သက်တမ်းကျော်လွန်တဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်မပေး ထောင်မချဘဲ ပြည်ထွက်ဆိုင်းငံ့မိန့်ထုတ်ပေးကာ ဆက်လက်နေထိုင်ခွင့်ပြုထားပေးတာပါ။
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဆန်းက “တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနက ပတ်စပို့သက်တမ်းကုန်လို့ အိုဗာစတေးဖြစ်သွားတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် မြန်မာပြည်ပြန်မပို့ဘူး၊ ဖမ်းဆီးချုပ်နှောင်တာမျိုးမလုပ်ဘူး ဆိုပြီးတော့မှာ တရားဝင်စာနဲ့ ထုတ်ပြန်အကြောင်းကြားထားတာဖြစ်ပါတယ်၊ တရားရေးဝန်ကြီးဌာနဘက်ကနေလည်း လူသားချင်းစာနာမှုအရ မြန်မာပြည်တွင်း စစ်ဖြစ်နေတဲ့အတွက် မြန်မာပြည်နိုင်ငံရေးအခြေအနေ ကောင်းမွန်လာတဲ့အထိ အိုဗာစတေးတွေ မြန်မာသံရုံးမှာ ပတ်စပို့ သက်တမ်းတိုးဖို့ အခက်အခဲ ရှိနေသူတွေကို တရားဝင်နေထိုင်ခွင့်ပေးမယ်၊ ဖိအားပေးနှင်ထုတ်တာမျိုးမလုပ်ဘူးဆိုပြီးမှ ထုတ်ပြန်ထားတာပါ” လို့ ပြောပါတယ်။
တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ဗီဇာသက်တမ်းကုန်ဆုံးလို့ မြန်မာနိုင်ငံပြန်ပို့ခံရတဲ့အခါ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိက်စက်ခံရမဲ့ အန္တရာယ်ရှိတဲ့အတွက် ကိုရီးယားအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာ (G-1-99) ထုတ်ပြီးနေထိုင်ခွင့်ပြုထားတာပါ။
G-1-99 ဗီဇာယူထားသူတချို့ဟာလည်း စစ်ကောင်စီသံရုံးဆီမှာ ခံဝန်ထိုးပြီး ဒဏ်ငွေတွေ ပေးဆောင်ကာ ပတ်စပို့ သက်တမ်းတိုးတာနဲ့ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ကိုရီးယားနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခက်အခဲတွေ ကြုံလာရတယ်လို့ဆိုပါတယ်။
NUG ကိုရီးယားနိုင်ငံဆိုင်ရာ စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်က “အိုဗာစတေးနေတဲ့သူတွေ အနေနဲ့က ပြည်ထွက်မိန့်သက်တမ်းတွေကို သွားသွားပြီးတိုးနေဖို့ လိုတယ်။ အဲ့တာကို မပျက်မကွက် တိုးဖို့ လိုတယ်၊ နိုင်ငံရေးအခက်အခဲကြောင့် ပြန်လို့မရသေးပါဘူးဆိုပြီး လဝကမှာ ဒီလိုအခွင့်အရေးကို သွားပြီးမှ လျှောက်ထားတောင်းဆိုပြီး ယူထားတယ်ဆိုရင် တော်လှန်ရေးမှာ တကယ်ပါဝင်ဖို့ လိုတယ်၊ အိုဗာစတေးဖြစ်ပြီးတော့ ငါတို့ကိုပြန်မပို့ဘူးဆိုပြီး ပျော်ပျော်ကြီး နေတာကတော့ လုံးဝမထိုက်တန်ဘူးပေါ့၊ ကိုရီးယားအစိုးရရဲ့ ငဲ့ညှာထောက်ထားမှုအပေါ်မှာ ကိုယ်ကထိုက်တန်အောင်မနေတဲ့သူဖြစ်သွားမှာပေါ့၊ ဥပဒေအရလည်းပဲ လုပ်ရမယ့် တာဝန်တွေကို မပျက်မကွက်လုပ်ဖို့လိုတယ်၊ တော်လှန်ရေးမှာလည်းပဲ တတ်တတ်ကြွကြွ ပါဝင်ဖို့လိုပါတယ်”လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာ (G-1-99) နေထိုင်တဲ့ မြန်မာနိုင်ငံသား ၆၀၀၀ ကျော်ရှိတယ်လို့ ကိုရီးယားအစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။
သီရိ