Home
မြန်မာသတင်း
သတင်းထောက်များကို ဖမ်းဆီးထောင်ချမှု တရုတ်၊ အစ္စရေးနှင့် မြန်မာက အများဆုံး စံချိန်တင်
DVB
·
January 17, 2025

တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က  ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီနောက်မှာတော့ ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံစာရင်းထဲ ပါဝင်နေပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တကမ္ဘာလုံးမှာ အနည်းဆုံး သတင်းသမား ၃၆၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အဆိုပါအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရတဲ့ ကမ္ဘာ့စံချိန်တင် သတင်းသမား အယောက် ၃၇၀ ထက်စာရင် အနည်းငယ်ကျဆင်းသွားတယ်လို့ ဆိုနိုင်ပေမဲ့ CPJ အနေနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ တရုတ်၊ အစ္စရေး၊ တူနီးရှားနဲ့ အဇာဘိုင်ဂျန် အပါအဝင် နိုင်ငံအများ အပြားမှာ မကြုံစဖူးတဲ့ စုစုပေါင်းပမာဏကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CPJ က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်က သတင်းသမား အယောက် ၅၀၊ အစ္စရေးက ၄၃ ဦး၊ မြန်မာနိုင်ငံက ၃၅ ဦး၊ ဘယ်လာရုစ်က ၃၁ ဦး နဲ့ ရုရှားနိုင်ငံက အယောက် ၃၀  ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အီဂျစ်က ၁၇ ဦး၊ အီရီထရီးယား၊ အီရန်နဲ့ ဗီယက်နမ်နိုင်ငံတွေက ၁၆ ဦးစီ၊ အဇာဘိုင်ဂျန်က ၁၃ ဦးစီနဲ့ ဖမ်းဆီးခံသတင်းသမားအများဆုံး ထိပ်တန်း ၁၀ နိုင်ငံအဖြစ် ရပ်တည်နေတာပါ။

မြန်မာနိုင်ငံမှာတော့ CPJ က ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ထဲ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃၅ ဦးရှိနေပြီး အာဏာသိမ်းပြီးချိန်ကတည်းက စတင်ပြီးတော့ စစ်အုပ်စုဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချပြီး မီဒီယာဖြိုခွင်းမှုတွေ လုပ်ဆောင်နေသလို ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၈,၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့ ၂၀၂၂ ခုနှစ်မှာ သတင်းသမား ၄၂ ယောက် စံချိန်တင် ဖမ်း ဆီးခံခဲ့ရပြီး အခု ၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးခံရသူ လျော့ကျသွားတာဟာ စစ်အုပ်စုက သတင်း သမားတွေအပေါ် ပျော့ပြောင်းလာတဲ့အခြေအနေတွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

အကျဉ်းချခံထားရတဲ့ သတင်း မီဒီယာသမားတွေကို စစ်ခုံရုံးတွေမှာ ခုံရုံးတင်စစ်ဆေးတာ၊ တရားဝင်ကိုယ်စားပြုခွင့်မပေးတာ၊ အကြမ်းဖက်မှု၊ သတင်းမှား ဒါမှမဟုတ် လှုံ့ဆော်မှုတွေလို ကြီးလေးတဲ့ နိုင်ငံတော်ဆန့်ကျင်ရေးဥပဒေတွေအောက်မှာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့လည်း CPJ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ စီရင်ချက်ချမှတ်ခံထားရတဲ့ သတင်းသမား ၈ ဦးထဲက မျိုးမြင့်ဦးနဲ့ ရှင်ဒေဝီတို့ကို စစ်အုပ်စုက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ ရှင်ဒေဝီကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ လျှော့ချခဲ့ပေမဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားဆဲ ဖြစ်တယ်လို့လည်း CPJ က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်အခြေအနေ သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကိုလည်း ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024