Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့‌ပြောင်းလုပ်သားများ ဘိန်းစာရွက်နှင့် မူးယစ်ဆေးသုံးစွဲမှု များလာ 
နန်းမြနဒီ
·
January 16, 2025
Photo-Amarin ထိုင်းတီဗွီ

ထိုင်းနိုင်ငံ‌ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာ အာဆီယံလို့ခေါ်တဲ့ ဘိန်းစာရွက်ကို မူးယစ်ဆေးနဲ့ရောပြီး သုံးစွဲမှု မြင့်မားနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဘိန်းစာရွက်ရဲ့ အာနိသင်မှာ အာရုံနိုးကြားတက်ကြွစေတာကြောင့် လုပ်ငန်းခွင်မှာ အိပ်မငိုက်ဖို့၊ ပင်ပန်းဒဏ်ခံနိုင်ဖို့  အစပိုင်းမှာ ဆေးဖြစ်ဝါးဖြစ်သာ သုံးစွဲကြပေမဲ့ ခုနောက်ပိုင်းမှာ ဘိန်းစာရွက်အရည်ကို တခြားမူးယစ်ဆေးတွေနဲ့ပါ ရောသောက်ရာက စွဲလမ်းသွားပြီး နောက်ဆက်တွဲပြဿနာတွေပါ ဖြစ်လာရတယ်လို့  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာ‌ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အလုပ်သမားရေးရာတာဝန်ခံ ကိုမင်းဦးက DVB ကို ပြောပါတယ်။

“ဘိန်းစာရွက်က သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပေါ့။ မြန်မာလုပ်သားအများစုက အလုပ်ကြမ်းသမားတွေဆိုတော့ အစပိုင်းကတော့ အလုပ်လုပ်ချင်စိတ်ရှိအောင်၊ မအိပ်ချင်အောင် သုံးတယ်။ အရွက်ကို ငုံတယ်၊ အရည်ကိုကျိုသောက်တယ်။ နောက်တော့ တခြား ချောင်းဆိုးပျောက်ဆေး၊ စိတ်ကြွဆေး(ရာဘ)၊ အိုက်စ် စတဲ့ဟာတွေပါ ရောထည့်တာတွေရှိတယ်။ ချောင်းဆိုးပျောက်ဆေးဆိုတာကလည်း အတုတွေလည်းရှိတယ်၊ ထည့်သုံးလိုက်တဲ့ ဆေးပေါ်မူတည်ပြီး ဆိုးကျိုးတွေကလည်း အမျိုးမျိုးရှိတယ်။”

ဘိန်းစာရွက်နဲ့ ဆေးခြောက်ကို ထိုင်းဥပဒေက ကင်းလွတ်ခွင့်ပြုလိုက်တာကြောင့် လွတ်လပ်စွာ သုံးစွဲကြကြောင်း၊ အရည်ပြုတ်ရောင်းသူတွေမှာလည်း လက်ဖက်ရည်ဆိုင်လို ပေါ်တင်ရောင်းချတယ်၊ ဝယ်သူတွေလည်း ဆိုင်မှာ ဝိုင်းဖွဲ့သောက်စားကြတယ်လို့ ဆိုပါတယ်။

ဘိန်းစာရွက်မှာ လွန်ကဲစွာသုံးက ဝမ်းချုပ်စေပြီး မှတ်ဉာဏ်ထုံထိုင်း‌စေကြောင်း၊ အခြားမူးယစ်ဆေးတွေနဲ့ တွဲသုံးက မူးယစ်ဆေးစွဲသူလိုဖြစ်ပြီး မသုံးစွဲရမနေနိုင်တာကြောင့် ဝင်ငွေထိခိုက်သလို မိသားစုတွင်းပြဿနာ ဖြစ်လာတယ်၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတယ်၊ အချို့မှာ ဆေးကြောင်ပြီး အလုပ်မလုပ်နိုင်၊ ပတ်ဝန်းကျင်မှာ သုံးစားလို့မရတဲ့သူ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“ဘိန်းစာရွက်နဲ့ မူးယစ်ဆေးသုံးလို့ အလုပ်လုပ်လို့လည်းမရ၊ ပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေလို့ လေလွင့်နေတဲ့လူငယ်တွေရှိတယ်။ ကျနော်တို့ဆီကို အကူအညီတောင်းလာတာ ၃-၄ ယောက် ရှိတယ်။ ခက်တာက ကျနော်တို့ဆီမှာ ပြုစုပျိုးထောင်ရေးဂေဟာလည်း မရှိဘူး၊ ထိုင်းကလည်း လက်မခံဘူး၊ တချို့ ငါးဖမ်းလှေပေါ်ကနေ ပြုတ်ကျတာလည်းရှိတယ်” လို့ ကိုမင်းဦးက ပြောပါတယ်။

အလုပ်သမားတွေကြား ဘိန်းစာရွက်သုံးစွဲမှုမှာ သာမန်လိုဖြစ်နေတာကြောင့် ပညာပေးရ မလွယ်ကူကြောင်း၊  ဒါကြောင့် ဆိုးကျိုးတွေမဖြစ်ရလေအောင် တော်သင့်ရုံသာ ဆင်ခြင်သုံးစွဲသင့်တယ်လို့ ဆိုပါတယ်။

အလားတူ မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိတဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာလည်း ဘိန်းစာရွက်နဲ့ ဆေးခြောက်တွေ သုံးစွဲမှုရှိတယ်၊ အစပိုင်းမှာ အလုပ်လုပ်တာ မပင်ပန်းအောင် အလုပ်ရှင်သူဌေးအချို့ကိုယ်တိုင် အလုပ်သမားကို ပေးသုံးတယ်၊ အလုပ်သမားတွေ စွဲလမ်းသွားမှ ပြဿနာတက်တာလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက DVB ကို ပြောပါတယ်။

“မဲဆောက်ရောက် မြန်မာတွေကြားမှာ မူးယစ်ဆေးသုံးပြီး မိသားစုကို မိသားစုလိုမမြင်ဘဲ ရန်သူလိုမြင်တာ ရှိတယ်။ အကြမ်းဖက်တာ၊ လူသတ်တာတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၄  ဇွန်လပိုင်းလောက်က အလယ်တန်းကျောင်းသားလေးတယောက်က မိခင်ရင်းကို ပြန်သတ်တာလေ။ ထိုင်းသတင်းတွေမှာ ပါပါတယ်။ ကိုဗစ်-၁၉ ကာလ အပြင်မထွက်ကြတော့ သူ့သူငယ်ချင်းတွေက မူးယစ်ဆေးတွေ လာပစ်ပေးရင်း စွဲသွားတာတဲ့။ အမေက သွန်သင်ဆုံးမတာကို ချုပ်ချယ်တယ်ဆိုပြီး ပြန်သတ်တာ၊ အလောင်းကိုလည်း မီးရှို့ ဖျောက်ဖျက်သေးတယ်။ ပြီးတော့ အဖေရင်းကို ပြန်လုပ်တဲ့ဖြစ်ရပ် ရှိတယ်။ မူးယစ်ဆေးသုံးထားတဲ့အဖေက ဇနီးနဲ့ သားသမီးတွေကို ဓားနဲ့လိုက်ခုတ်တာလည်း ရှိခဲ့တယ်။ သူငယ်ချင်း အချင်းချင်းကြားမှာလည်း ဘာရန်ငြိုးရန်စမှမရှိဘဲ အရက်ဝိုင်းမှာ အတူသောက်ပြီး စကားများကြ ထိုးကြ ကြိတ်ကြ အဲဒါတွေလည်း မကြာမကြာဖြစ်တယ်။”

ဒီပြဿနာတွေ လျော့ပါးသွားအောင် မြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာလည်း အသိပညာ ပေးတာတွေ များများလုပ်သင့်ကြောင်း၊ ထိုင်းအနေနဲ့တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာပေးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရွာသူကြီးတွေက အသံချဲ့စက်နဲ့အော်ပြီး သတိပေးတာတွေ ရှိတယ်၊ ထိုင်းဘာသာနားမလည်တဲ့ မြန်မာလုပ်သားတွေအတွက် မြန်မာလိုပါ ပြောပေးသင့်တယ်လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။

ချင်းမိုင်နာရေးကူညီမှုအသင်းက စိုင်းတိုင်းထိန်ကတော့ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား မူးယစ်ဆေးသုံးသူတချို့ ရှိကြောင်းသာ ကြားပြီး အသေအချာ မသိရဘူး၊ ဒါပေမဲ့ အရက်မူးပြီး ယာဉ်တိုက်မှုဖြစ်တာတော့ မကြာခဏပဲလို့  ပြောပါတယ်။

“ကျနော်သိရသလောက်တော့ အရက်မူးတာတွေပဲ ရှိတယ်၊ အရက်မူးပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်တာ၊ တချို့က သူများကိုသွားတိုက်တာ၊ တချို့က သူတို့ဘာသာ ယာဉ်မတော်တဆဖြစ်တာ၊ တချို့က သူများကလာတိုက်တာ အဲလိုမျိုးပေါ့။ အရက်သောက်ထားတာတွေ့ရင် ကိုယ့်ဘက်ကတော့ အမှားပဲပေါ့၊ အရက်ကြောင့် ခြေလက်အင်္ဂါ အစိတ်အပိုင်း ဆုံးရှုံးတာပေါ့။ အဲဒါမျိုးက အနည်းနဲ့အများ ခဏခဏကြုံရပါတယ်။”

ဇန်နဝါရီ ၈ ရက်ကတော့ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့၊ ထိုင်းယူနီယံရပ်ကွက်ထဲက  ဘိန်းစာရွက်ရည် ရောင်းချနေတဲ့ ဆိုင်တဆိုင်ကို ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ သွားရောက်ဖမ်းဆီး အရေးယူခဲ့ပါတယ်။

အဆိုပါဆိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ မူးယစ်သောက်စားပြီး အသံကျယ်လောင်တာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုတယ်ဆိုပြီး ထိုင်းပြည်သူတွေက တိုင်တန်းထားတာကြောင့် ဖမ်းဆီးရတာလို့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဆိုင်ကနေ ဘိန်းစာရွက် ၁၀ ကီလိုဂရမ်၊ အချိုရည်နဲ့ ချောင်းဆိုးပျောက်ဆေးရည် ပုလင်း ၁၀၀၊ ကိုလာကိုလာရည် ပုလင်း ၅၀၊ ဘိန်းစာရွက်ချက်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေ အသိမ်းခံရပြီး ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးက ထွက်ပြေးလွတ်မြောက်နေတယ်။

အဲဒီဆိုင်ကနေ မြန်မာလုပ်သား ၄ ယောက်လည်း အဖမ်းခံရတယ်၊ ၃ ယောက်မှာ ဘိန်းစာရွက် လာဝယ်သောက်သူတွေဖြစ်ပြီး နောက်တယောက်ကတော့ ဆိုင်အလုပ်သမားဖြစ်တယ်၊ ဆိုင်အလုပ်သမားမှာ နေထိုင်ခွင့်အထောက်အထား မရှိတာကြောင့် လဝကဥပဒေနဲ့ပါ အရေးယူခံရမှာဖြစ်ကြောင်း Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024