ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ တရားမဝင် ဆံပင်အလှပြင်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုရီးယားနိုင်ငံသား ၄ ဦးနဲ့ မြန်မာအမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနေ့က ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ ဆူခိုဗစ်လမ်းမပေါ်က စီးပွားရေး အဆောက်အအုံတခုရဲ့ ဒုတိယထပ်မှာ တည်ရှိတဲ့ အဆိုပါလုပ်ငန်းကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး အဆိုပါ အလှပြင်ဆိုင်ရဲ့ နာမည်ကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
ရဲအရာရှိတွေဟာ အဆိုပါ ဆလွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေရော၊ နိုင်ငံ ခြားသားတွေကိုပါ စစ်ဆေးတွေ့ရှိခဲ့ရပြီး တချို့ဖောက်သည်တွေက ဆိုင်မှာ စောင့်ဆိုင်းနေ ကြတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံသားတွေကိုသာ လုပ်ကိုင်ခွင့်ပေးထားတဲ့ အဆိုပါ ဆံပင်အလှပြင် လုပ်ငန်းလုပ်ကိုင်တဲ့ ကိုရီးယားအမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့အတူ မြန်မာအမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၄ နှစ်ကနေ ၃၃ နှစ်ကြား အရွယ်တွေဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ ရက် ၉၀ ခရီးသွားဗီဇာနဲ့ နေထိုင်သူတွေဖြစ်တယ်လို့ ခလောင်တန်ရဲစခန်း လက်ထောက်ရဲမှူးကြီး သနာခွန် ငါမြန်က ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ကို ထိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြည်ပနိုင်ငံသားတွေ လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ အလှပြင်ဆိုင်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ချက်ချင်းရရှိနိုင်ခြင်းမရှိသေးပါဘူး။
ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲမှာ ဆံပင်ညှပ် အလှပြင်လုပ်ငန်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ရွှေထည် ငွေထည်လုပ်ငန်းတွေ အပါအဝင် အလုပ်အကိုင်အမျိုးအစား ၂၇ မျိုးကို သတ်မှတ်ထားပြီး ဖမ်းဆီးခံရမယ်ဆိုရင် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ အထိ ချမှတ်ခံရနိုင်တဲ့အပြင် ဖမ်းဆီးခံရတဲ့ အလုပ်သမားကို ထိုင်းနိုင်ငံအတွင်း ၂ နှစ် အလုပ်လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။