Home
နိုင်ငံတကာ
ဘန်‌ကောက်တွင် နှစ် ၄၀ အတွင်း စံချိန်တင်အအေးပို 
DVB
·
January 14, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ခုရက်ပိုင်းတွင်း မကြုံစဖူး ထူးကဲစွာအေးမြနေပြီး နှစ်ပေါင်း ၄၀ အတွင်းမှာ စံချိန်တင်အအေးဆုံးဖြစ်တယ်လို့  ဆိုပါတယ်။ 

ဘန်ကောက်မြို့တော်ရဲ့ အပူချိန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ နဲ့ ၁၃ ရက်တွေမှာ ပျှမ်းမျှအားဖြင့် ၂၁ ဒီဂရီစင်တီဂရိတ်အောက်ရောက်ပြီး အချို့နေရာတွေမှာ ၁၆ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့တယ်၊ အခုလို အေးမြတာဟာ နှစ် ၄၀ တွင်း စံချိန်တင်တယ်လို့ ဘန်ကောက် ရန်းဆစ် တက္ကသိုလ် ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝဘေးအန္တရာယ်ဌာနက ဌာနမှူးဒေါက်တာ ဆေရီ ဆုဖရာထစ်က TNN သတင်းထောက်ကို ပြောပါတယ်။ 

“နှစ် ၄၀ တွင်း အအေးဆုံးလို့ ပြောလို့ရပါတယ်။ ‘လာနီညာ’ လာတိုင်း ဒီလို အေးလေ့ရှိတယ်၊ ဒီဇန်နဝါရီလထဲမှာ အအေးဆုံးဖြစ်တယ်။ ဒီလိုဖြစ်ရတာက ကမ္ဘာကြီး ပူနွေးလာတာနဲ့ သက်ဆိုင်တယ်။ ကမ္ဘာကြီးပူနွေးတော့ ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲတောင်တွေ အရည်ပျော်လာတယ်၊ ရေခဲရေတွေကြောင့် လက်ရှိမှာ အအေးပိုနေပေမဲ့ ရေရှည်မှာတော့ အပူချိန်တဖြည်းဖြည်း မြင့်လာမယ်။”

လက်ရှိ အမေရိကန်နိုင်ငံ အရှေ့ပိုင်းမှာ နှင်းမုန်တိုင်းတွေကျပြီး အနောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်တာ၊ လေပူလေပြင်းတွေ တိုက်ခတ်တာဟာလည်း ကမ္ဘာကြီးပူနွေးမှုနဲ့ ပတ်သက်နေတယ်လို့  ဒေါက်တာဆေရီက ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်း အအေးဓာတ်တွေ ပိုနေတာမှာ ထိုင်းအရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်း ဒေသအချို့မှာဆိုရင် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်အောက်ရောက်ပြီး အချို့နေရာမှာ ရေခဲ မှတ်အောက် ရောက်ခဲ့ပါတယ်။ 

လွေးခရိုင် ဖူးလွေးတောင်ပေါ်မှာဆိုရင် ဇန်နဝါရီ ၁၃ ရက်က အပူချိန် သုညဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိပြီး အိမ်ခေါင်မိုး ကားခေါင်မိုးပေါ်မှာရော မြက်ခင်းတွေမှာ နှင်းတွေခဲနေတာကို လူမှု ကွန်ရက်မှာ ဖော်ပြနေကြပါတယ်။ 

ထိုင်းမိုးလေဝသဌာနရဲ့ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် မနက် ထုတ်ပြန်ချက်မှာ လာမယ့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံအထက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ကို ဖုံးလွှမ်းနေတဲ့ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် အားကောင်းတဲ့ လေအေးတွေဟာ အားပျော့လာမယ်။ ဒီအခြေအနေဟာ ထိုင်း အထက်ပိုင်းဒေသမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းမှာ  အအေးကနေ အလွန်အေးတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတယ်။ 

ဘန်ကောက်နဲ့ အနီးတဝိုက်အပါအဝင် အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ၊ တောင်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ အေးမြတဲ့  ရာသီဥတုကို တွေ့ကြုံခံစားရမယ်။ တောင်ပေါ်နဲ့ တောင်ထိပ်တွေမှာ ရာသီဥတုက အလွန်အေးမယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းကြောင်း၊  ခြောက်သွေ့တဲ့ လေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မီးဘေးအန္တရာယ်ကို သတိထားဖို့၊ မြူမှူန်ထူထပ်တဲ့ နေရာတွေ ဖြတ်သန်းသွားလာရာမှာ သတိထားဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ 

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် မနက် ၆ နာရီမှ မနက်ဖြန်မနက် ၆ နာရီတွင်း ထိုင်းတနိုင်ငံလုံးမှာရှိမယ့် အပူချိန်တွေကတော့ ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာမှာ ၁၆ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုထိ၊ ထိုင်းမြောက်ပိုင်းဒေသမှာ ၈ ဒီဂရီစင်တီဂရိတ်မှ ၁၄  ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုထိ၊ ထိုင်းအရှေ့မြောက်ပိုင်းဒေသမှာ ၇ ဒီဂရီစင်တီဂရိတ်မှ ၁၃  ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုထိ၊ ထိုင်းအလယ်ပိုင်းဒေသမှာ ၁၃ ဒီဂရီစင်တီဂရိတ်မှ ၁၇  ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုထိ၊ ထိုင်းအရှေ့ပိုင်းဒေသမှာ ၁၄ ဒီဂရီစင်တီဂရိတ်မှ ၂၁  ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၁၅ မှ ၃၀ ကီလိုထိ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ၊ ထိုင်းတောင်ပိုင်းဒေသမှာ ၁၆ ဒီဂရီစင်တီဂရိတ်မှ ၂၃  ဒီဂရီစင်တီဂရိတ် လေတိုက်နှုန်း ၁ နာရီလျှင် ၂၀ မှ ၃၀ ကီလိုထိ ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာထိ၊ ထိုင်းတောင်ပိုင်း ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လား နဲ့ နာရာသီဝပ်ခရိုင်တွေရဲ့  ဧရိယာ ၂၀ ရာခိုင်နှုန်းမှာ မိုးရွာသွန်းဘွယ်ရှိတယ်လို့ ထိုင်းမိုးဇလက ခန့်မှန်းထားပါတယ်။ 

ကိုးကား - TNN  / naewna / pr-bangkok

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013