Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ်ကို ကြိုဆိုသော်လည်း မြန်မာအရေး ဒီထက်ပို မျှော်လင့်စရာမရှိဟု သုံးသပ်သူများပြော
DVB
·
January 23, 2025

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ် ခန့်အပ်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ မြန်မာနိုင်ငံရေးအတွက် ဒီထက်ပို မျှော်လင့်စရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ 

မလေးရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌနေရာကို လွှဲပြောင်းရယူပြီးတဲ့နောက် ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းဝေးမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် အော့သ်မန် ဟာရှင်ကို ခန့်အပ်လိုက်ပါတယ်။

အော့သ်မန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ၅ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မလေးရှားနိုင်ငံဟာ ဒီမိုကရေစီ လိုလားတဲ့နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံဟာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အာဆီယံ လုပ်ငန်းစဉ်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ရှိလာတယ်လို့ ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အခု မလေးရှားက ဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် ထူးခြားတာလေးတွေ ကြားရတာပေါ့ဗျာ။ အခုက သူပြောတဲ့ မလေးရှား ကိုယ်စားလှယ်‌ ပြောသွားတဲ့ အာဆီယံအဖွဲ့အနေနဲ့ ကိုယ်စားပြုပြီး ပြောတဲ့အခါမှာ မြန်မာပြည်မှာ အခုကျင်းပမယ့် ရွေးကောက်ပွဲတွေ ဘာတွေက အရေးမကြီးဘူးတဲ့၊ အရေးကြီးတာက အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းပြီးတော့ ကျနော်တို့ စားပွဲဝိုင်း ဆွေးနွေးပွဲဆီ ဦးတည်ဖို့က ပိုအရေးကြီးတယ် ဆိုတာကတော့ ထူးခြားတဲ့ သုံးသပ်ချက်ပါပဲ။ ဒါပေမဲ့ ဒီထက်လည်း မပိုပါဘူး။ အဲ့ဒီထက်ပိုပြီးလည်း မျှော်လင့်စရာလည်း မရှိဘူးလို့ ကျနော်ကတော့ ထင်ပါတယ်”လို့ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန်က အသစ်ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို စေလွှတ်သွားဖို့ အစီအစဉ်ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆင်က “စစ်ကောင်စီက ဒီလို သံတမန်အခင်းအကျင်းကို လက်ခံမယ်လို့ မထင်ပါဘူး။ မြန်မာနိုင်ငံကို လာမယ်ဆိုရင်လည်း  အကြီးတန်း အရာရှိတွေဆီ အလည်လာတဲ့ သဘောမျိုးပဲ ဖြစ်မှာပါ။ မြန်မာနိုင်ငံကိုလာခြင်းက ဘာဖြစ်သွားနိုင်လဲဆိုရင် စစ်ကောင်စီနဲ့ မထိုက်တန်တဲ့ အသိအမှတ်ပြုမှုမျိုး ရရှိသွားတဲ့ အန္တရာယ်ပါ။ ဒီတော့ နေပြည်တော်ကို သွားတာဟာ ကြားဝင်ဖြေရှင်းနိုင်မယ့် ဖြစ်စဉ်တွေ စတင်နိုင်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် လာမယ့် ကိစ္စဟာ အောင်မြင်မှုတွေ ရနိုင်မယ်လို့ မထင်ပါဘူး။ အာဆီယံ သံတမန်ရေး လုပ်ငန်းစဉ်တခုလုံးကို ကြည့်လိုက်ရင် ရလဒ်ကောင်း ထွက်မလာနိုင်ပါဘူး။ နောက်ထပ် မြန်မာနိုင်ငံကို လာမယ့်ကိစ္စတိုင်းဟာ အောင်မြင်မယ်လို့ မထင်မြင်မိပါဘူး”လို့ DVB နဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

မလေးရှားက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တံခါးပိတ်တွေ့ဆုံပွဲမှာ အာဆီယံအစည်းအဝေးတွေကို နိုင်ငံကိုယ် စားပြုတက်ရောက်ခွင့်မရသေးတဲ့ စစ်ကောင်စီဘက်က နိုင်ငံရေးဘက်က မဟုတ်တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ဦးစည်သူမောင်က “အဓိကကတော့ ဘုံသဘောထား ၅ ချက်ကို စွဲကိုင်ထားတယ်ဆိုရင် ဘုံသဘောထား ၅ ချက်ထဲမှာ ပါတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို စစ်အုပ်စုအနေနဲ့ အခုချိန်ထိ နိုင်ငံရေးဆန္ဒရှိရှိနဲ့ ဆောင်ရွက်တာကို မတွေ့ရသေးဘူး။ ဥပမာအားဖြင့် အကြမ်းဖက်မှုတွေ ရပ်ပေးတာတို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်ဆိုတဲ့ ပထဦးဆုံးအဆင့်ကို ပြသဖို့ လိုတယ်။ ဒုတိယအဆင့်ကတော့ အတွင်းဝန်အဆင့်ကို အာဆီယံရဲ့ ဆက်စပ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပေးနေတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့လိုတယ်။ ဒါက မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အစစ်အမှန် ဟုတ်ရဲ့လားဆိုတာကို ဒေသတွင်း နိုင်ငံတွေကနေ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ အလှည့်ကျဥက္ကဋ္ဌ ဆောင်ရွက်နေတဲ့ မလေးရှားနိုင်ငံအနေနဲ့လည်း အဲ့ဒီအပေါ်မှာ သုံးသပ်မယ်ဆိုရင် မျှတတဲ့ အခင်းအကျင်းတခုကို ဖန်တီးပေးနိုင်မယ်ဆိုရင် ဒီချဉ်းကပ်အဖြေရှာမှုက ပိုပြီးတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ နီးစပ်တဲ့ အဖြေကို ကျနော်ထင်ပါတယ် ရရှိလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး အလွတ်သဘောတိုင်ပင်ဆွေးနွေးတဲ့အနေနဲ့ ထိုင်းထိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့လတုန်းက တွေ့ဆုံခဲ့ကြပါသေးတယ်။

အဲဒီဆွေးနွေးပွဲ မတိုင်ခင်တရက် ထိုင်းအပါအဝင် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲကိုတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဦးစားမပေးဘဲ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေစတင်ဖို့ လိုတယ်လို့ အာဆီယံနိုင်ငံတွေရဲ့ တိုက်တွန်းချက်က မြန်မာတနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေပြီး နယ်မြေလုံခြုံမှု မရှိတာကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ်မှာ အခြေခံတာဖြစ်ပေမဲ့ အဲဒီတိုက်တွန်းချက်အပေါ် အာဏာသိမ်းစစ်ကောင်စီဘက်က လိုက်နာမှု ရှိမရှိ မသေချာဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အရေးကိစ္စဟာ မြန်မာနိုင်ငံသားတွေနဲ့သာ သက်ဆိုင်ပြီး လက်ရှိဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့လိုအပ်ပြီး အရပ်သားအစိုးရတရပ် ပေါ်ပေါက်ဖို့ လိုအပ်နေတာကြောင့် ရွေးကောက်ပွဲက မဖြစ်မနေ ကျင်းပရမယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲဦးစားမပေးဖို့ ပြောဆိုမှုဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီဘက်က ဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ်ကို ရိုက်ခိုက်မှုရှိလာမှာမဟုတ်ဘူးလို့  အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သလို ပြောရေးဆိုခွင့်လည်းရှိတဲ့ ဦးအောင်ကိုကိုက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် ရွေးကောက်ပွဲနည်းလမ်းနဲ့ရော ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုပါ တပြိုင်တည်းလုပ်ဆောင်ရမယ်လို့လည်းဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဘက်ကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုမရှိဘဲ တနိုင်ငံလုံးမဲဆန္ဒနယ်ရဲ့ ထက်ဝက်ဝန်းကျင်သာ ကျင်းပနိုင်မယ့်ရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်တာကြောင့် တိုင်းပြည်ငြိမ်းချမ်းပြီးမှသာ ရွေးကောက်ပွဲကျင်းပသင့်တယ်လို့ အဲဒီပါတီရဲ့ အတွင်းရေးမှူး နိုင်စံတင်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာကျင်းပမယ်လို့ ပြောဆိုထားပြီးဖြစ်သလို တနိုင်ငံလုံး မဲဆန္ဒနယ်ရဲ့ ၁၆၁ တနေရာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေ ထုတ်ပြန်တာမရှိသေးသလို ဘယ်ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမလဲဆိုတာကိုလည်း လက်ရှိအချိန်ထိ တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ 

အောင်သူ/ မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024