Home
ရုပ်သံ
ဒေါ်နယ်ထရမ့်ပ်လက်ထက် မြန်မာအပါအဝင် နိုင်ငံငယ်များအရေး အားနည်းဖွယ်ရှိ
DVB
·
January 21, 2025

တကျော့ပြန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လက်ထက်မှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်စစ် ပြန်ဖော်ဆောင်လာနိုင်ပြီး မြန်မာ့အရေး အပါအဝင် နိုင်ငံတကာရေးရာတွေမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု အားနည်းသွားနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

ထရမ့်ပ်က အမေရိကန်ရဲ့ ပြည်တွင်းရေးကို ဦးစားပေးမယ့်မူဝါဒနဲ့ ရွေးကောက်ပွဲကို အသာစီးယူခဲ့တာဖြစ်ပြီး သူ့ရဲ့မူဝါဒအရ လတ်တလောယိုယွင်းနေတဲ့ ပြည်တွင်းအခြေအနေတွေကို အရင်ကုစားဦးမှာ ဖြစ်တဲ့အတွက် မြန်မာအပါအဝင်  အရေးပေါ် အကူအညီလိုအပ်နေတဲ့နိုင်ငံတွေကတော့  အကျပ်အတည်းကြားမှာ ပိုပြီးရုန်းကန် ရဖွယ်ရှိနေတာပါ။

ထရမ့်ပ်သမ္မတတာဝန်ကိုပြန်ရယူပြီးနောက် ဇန်နဝါရီ ၂၀ ရက်နေ့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး လူသားစာနာအ ကူအညီတွေကို ရပ်ဆိုင်းတာမျိုးမဟုတ်ဘဲ ဖွံ့ဖြိုးရေးအကူအညီတွေကိုသာ ခေတ္တရပ်ဆိုင်းတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

Myanmar Policy Institute မှ ရိုစလင်းဇာဟောင်က “မြန်မာပြည်ဖွားတွေအနေနဲ့ မစဉ်းစားလို့ မရတာကြတော့ နိုင်ငံတကာရေးရာမှာ သူတို့ရဲ့မူဝါဒတွေက ဘယ်လိုကွာခြားချက်ရှိလဲဆိုတာ ကျမတို့အမြဲတမ်းကြည့်ဖို့လိုတာပေါ့။ သူ့ရဲ့မူဝါဒမှာလည်း Make America Grate Again ပါ့နော်။ အမေရိကကို ပိုပြီးတော့ နံပတ် ၁ နေရာထားတဲ့ မူဝါဒကိုကျင့်သုံးခဲ့တာတွေ့ရတယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ရှိရင်လည်း မြန်မာနိုင်ငံလို US အစိုးရရဲ့အကူအညီကို အရမ်း လိုအပ်နေတဲ့ နိုင်ငံတွေအတွက်ကတော့ မျှော်လင့်ချက်ကတော့ ဒိထက်ပိုပြီးတော့တောင်မှ နည်းသွားမလားဆိုတဲ့ စိုးရိမ်ချက်ကတော့ရှိတာပေါ့နော်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက်သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ လွှတ်တော်အဆောက်အဦမှာ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတ တာဝန်တွေ စတင် ထမ်းဆောင်နေပြီဖြစ်ပါတယ်။

ကျမ်းကျိန်ပြီးနောက်ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းမှာတော့  ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ဟာ ပိုအင်အားတောင့်တင်းပြီး အရင်ကနဲ့မတူတဲ့ နိုင်ငံကြီးဖြစ်လာဖို့နဲ့ သူဦးဆောင်တဲ့အစိုးရအတွက် နေ့တိုင်းမှာ အမေရိကန်နိုင်ငံကပထမ ဖြစ်စေရမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ကျမ်းကျိန်ပွဲကျင်းပချိန်မှာ လွှတ်တော်ရှေ့ကို ထရမ့်ပ်ထောက်ခံသူတွေ လာရောက်အားပေးခဲ့သလို ဆန့်ကျင်ကန့်ကွက်သူတွေလည်း လာရောက်ဆန္ဒပြခဲ့ကြတာ တွေ့ရပါတယ်။

ထရမ့်ပ်ထောက်ခံသူ အမျိုးသမီးတယောက်က “ထရမ့်ပ်စပြီးပြန်အလုပ်လုပ်ပြီဆိုရင် အမေရိကန်နိုင်ငံကို ကျမတို့အတွက် လိုအပ်နေတဲ့ပုံစံကို ပြန်မွမ်းမံသွားမယ်လို့ ယူဆပါတယ်။ ဒီပြီးခဲ့တဲ့ ၄ နှစ်ဟာဆိုရင် အမေရိကန်နိုင်ငံသမိုင်းတလျှောက်မှာ မကြုံခဲ့ဘူးတဲ့ ဘာမှမဖြစ်ထွန်းခဲ့တဲ့ အခြေအနေပါ။ ထရမ့်ပ်က ဒါကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် လုပ်မယ်လို့ ထင်ပါတယ်။ နိုင်ငံကိုပြန်လာခဲ့ပါ၊ ဒီနိုင်ငံကို တရားဝင်လာခဲ့ပါ၊ အမျိုးသမီးအခွင့်အရေးလို ကိစ္စမျိုးကအစ ရအောင်ပေးမယ်ဆိုတာ သူပြောထားပြီးသားပါ” လို့ ပြောပါတယ်။

ထရမ့်ပ်ဆန့်ကျင်သူ အမျိုးသားတယောက်ကတော့ “ကျနော် ထရမ့်ပ်ကိုမကြိုက်ဘူး။ ဒါကြောင့် သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကျနော် ဆန္ဒလာပြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဖြစ်ချင်နေတာက အမေရိကန်ပြည်သူတွေကို ရောင်းစားမယ့် သက်ဦးဆံပိုင်စနစ်ပဲ။ အဲဒါက သူနဲ့ သူ့အပေါင်းအသင်းတွေအတွက် အမှန်တရားပဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲပြီးနောက် သမ္မတအိမ်တော်ကို ရောက်တာနဲ့ တပြိုင်နက် လွှတ်တော်အဆောက်အအုံအဓိကရုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သူ့ကိုထောက်ခံအားပေးသူ ၁,၆၀၀ ကျော်ကို ချက်ချင်း လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့မူဝါဒတွေနဲ့ ပြောဆိုချက်တွေအရ အရင်သမ္မတသက်တမ်းတုန်းက အသာစီးမယူနိုင်ခဲ့တဲ့ တရုတ်နဲ့ကုန်သွယ်စစ်ကို ပြန်ဖော်ဆောင်မယ့် အလားအလာတွေကို မြင်တွေ့နေရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

Los Angeles Myanmar Movement အဖွဲ့မှ  ဂျိမ်း(စ်)ရွှေက “ထရမ့်ပ်က သွင်းကုန်အကောက်အခွန်တွေ တင်တယ်။ အဲဒါမျိုးနဲ့ပဲ သူတို့ အသွားအပြန်လုပ်နေတော့ ၂ ဖက်စလုံးတော့ နည်းနည်းထိတယ်ဗျ။ ဘာလို့လဲဆိုတော့ တရုတ်က ဒီက လယ်သမားတွေဆီကထွက်တဲ့ ပြောင်းတို့ဘာတို့ တော်တော်ဝယ်တယ်ပြောတယ်။ အဲ့ဒီတော့ တချို့လယ်သမားတွေကျတော့ အဲ့ဒါတွေကို မကြိုက်ဘူးပေါ့လေ။ ဒီလို ကုန်သွယ်စစ်လုပ်ရင်တော့ နှစ်ဘက်စလုံးတော့ထိတာပဲ။ အခုခေတ်မှာ တဘက်တည်းထိတယ်ဆိုတာတော့ သိပ်ပြီးတော့ မရှိဘူးဗျ”လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့ ပြောဆိုလုပ်ကိုင်မှုတွေဟာ လူမျိုးရေး ရှေးရိုးစွဲဆန်လွန်းတာ၊ ဘာသာရေးကို ကြားခံအသုံးပြုတာ၊ စီးပွားရေးရှုထောင့်ကိုဦးစားပေးလွန်းပြီး လူမှုရေးနဲ့လူ့အခွင့်ရေးဆိုင်ရာရှုထောင့်တွေမှာ အားနည်းတာ၊ အမျိုးသမီးတွေအပေါ်လေးစားမှုမရှိတာစတဲ့ အချက်တွေကြောင့် ဝေဖန်မှုတွေရှိနေတာပါ။

ထောက်ခံသူအများစုကတော့ လတ်တလော အထွေထွေကျပ်တည်းမှုတွေကိုကျော်လွှားနိုင်ဖို့နဲ့ ယိုယွင်းမှုတွေကို အမြန်ကုစားနိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013