အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါအပေါ် အခွန်စည်းကြပ်မယ်ဆိုရင် သူ့အစိုးရဟာ အခြေအနေအားလုံးကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒိုးက ဇန်နဝါရီ ၂၁ ရက်မှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ဖို့သာမက ကနေဒါနဲ့ အမေရိကန်တို့ကြားက စီးပွားရေးဆက်ဆံရေးကို အကာအကွယ်ပေးဖို့ကိုလည်း အာရုံစိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်သွားမှာဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်တွေအပေါ် လိုအပ်သလို တုံ့ပြန်ဖို့လည်း အဆင်သင့်ပါပဲလို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ပြောသွားတာပါ။
တနင်္လာနေ့က သမ္မတ ထရမ့်ပ်ဟာ အမေရိကန်ကို မက္ကဆီကိုနဲ့ ကနေဒါတို့က တင်ပို့မှုအပေါ် စည်းကြပ်ခွန်ဟာ ဖေဖော်ဝါရီလမှာ စတင်အသက်ဝင်နိုင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ကနေဒါနဲ့ အမေရိကန်ကြား ကုန်သွယ်မှု ဆက်ဆံရေးကို စစ်ဆေးဖို့ သမ္မတ ထရမ့်ပ် ထုတ်ပြန်တဲ့ ညွှန်ကြားချက်နဲ့ သူ့မှတ်ချက်တွေကို ကြားသိထားပြီး ထရမ့်ပ်ဟာ သူ့ရဲ့ ဆွေးနွေးညှိနှိုင်ဘက်တွေကို ဟန်ချက်ပျက်အောင် လုပ်တတ်တဲ့ စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်ပညာသည်တယောက်ပဲလို့ ပြောပါတယ်။
“ကနေဒါကတော့ အဖြစ်မှန်အပေါ် ယုံကြည်ချက် ရှိနေကြောင်းနဲ့ ကနေဒါစွမ်းအင်ဟာ အမေရိကန် ကုန်ထုတ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေကို လျှပ်စစ်မီးတွေ ပေးနေကြောင်း၊ အမေရိကန်ရဲ့ ထိပ်တန်းကုန်သွယ်ဘက် ၅ နိုင်ငံထဲမှာ ကနေဒါဟာ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှုပိုငွေကို ပေးဆောင်တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပြီးတော့ ကနေဒါဟာ အမေရိကန်လုပ် ကုန်ပစ္စည်းတွေကို တရုတ်၊ ဂျပန်နဲ့ ဂျာမနီပေါင်းစပ် ပစ္စည်းတွေထက် ပိုဝယ်ပေးနေတယ်” လို့လည်း ထရူးဒိုးက ပြောပါတယ်။
ဒါ့အပြင် သမ္မတ ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုအတွက် ‘ရွှေခေတ်’ ကို ဦးဆောင်လိုကြောင်း ပြောထားတာကြောင့် အမေရိကန်စီးပွားရေးကို အရှိန်အဟုန်အပြည့်နဲ့ လည်ပတ်ဖို့အတွက်ဆိုရင် သံမဏိနဲ့ အလူမီနီယမ်တွေ၊ ပိုအရေးကြီးတဲ့ သတ္တုဓာတ်တွေ၊ ပိုယုံကြည်စိတ်ချရပြီး တတ်နိုင်တဲ့စွမ်းအင်တွေ အပါအဝင် အရင်းအမြစ်တွေ ပိုပြီးလိုအပ်မှာဖြစ်ပြီးတော့ ဒါတွေအားလုံးဟာ ကနေဒါမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ကနေဒါဟာ ဖွံ့ဖြိုးပြီး လုံခြုံတဲ့ မြောက်အမေရိက စီးပွားရေးကို ဖန်တီးဖို့ အမေရိကန်နဲ့ လက်တွဲဖို့ အဆင်သင့်ရှိနေကြောင်းနဲ့ သူတို့အတွက် တခြားရွေးချယ်စရာက ရုရှား၊ တရုတ် သို့မဟုတ် ဗင်နီဇွဲလားက အရင်းအမြစ်တွေ ဖြစ်တာကြောင့် ကနေဒါဟာ မသေချာ မရေရာတဲ့ ကမ္ဘာတခုမှာ ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ထရူးဒိုးက ပြောပါတယ်။
“သမ္မတထရမ့်ပ်ရဲ့ ပထမဆုံးသက်တမ်းအတွင်းက ကျနော်တို့ရဲ့ ကုန်သွယ်မှု ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ကနေဒါ-အမေရိကန်-မက္ကဆီကို ကုန်သွယ်ရေး သဘောတူညီချက်သစ်ကို ညှိနှိုင်းခဲ့ပြီး တိုးတက်မှုနဲ့ ကြွယ်ဝမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ နိုင်ငံ ၃ နိုင်ငံ စလုံးအတွက် အကျိုးရှိမှု အစစ်အမှန်ပါပဲ။ အခုလည်း အဆင်သင့်ပါပဲ” လို့ ထရူးဒိုးက ပြောသွားပါတယ်။
Source: Reuters