ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုခင်ဟွန်းတို့ ဇန်နဝါရီ ၂၁ ရက်က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံက သတင်းထုတ်ပြန်ပါတယ်။
အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအကြောင်းနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး တိုးတက်မှုရှိဖို့ ကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေသာယာဝပြောရေး အားပေးမြှင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါတဲ့အကြောင်း အလေးထား ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက နိုလင်းဟေဇာနေရာမှာ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
မစ္စဂျူလီဘစ်ရှော့ဟာ ရာထူးတာဝန်ရယူပြီးနောက် မြန်မာအရေးလှုပ်ရှား ဆွေးနွေးမှုတွေကို သိုသိုသိပ်သိပ်သာပြုလုပ်နေတာဖြစ်ပြီး လူမြင်ကွင်းကနေ အချိန်အတော်ကြာ ကွယ်ပျောက်နေ သလို မြန်မာ့ရေးရာတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေလည်း သိပ်မတွေ့ရပါဘူး။
မကြာသေးခင်လပိုင်းတွေအတွင်းကတော့ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာတော့ ဂျူလီဘစ်ရှော့က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော်ကို ဘယ်အချိန်က သွားခဲ့တယ်၊ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။