မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ဟာ အရေးကြီးတာကြောင့် မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ အာဆီယံအနေနဲ့ သတိကြီးကြီးထားပြီး ချဉ်းကပ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောလိုက်တဲ့အကြောင်း Malay Mail သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ချဉ်းကပ်မှုဟာ သီးခြားစနစ်တရပ် ကျင့်သုံးဖို့ မဟုတ်ဘဲ အားလုံးပါဝင်မှုနဲ့ ငြိမ်းချမ်းရေးကို အာမခံဖို့ ပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အရေးပါမှုကို အာမခံတယ်လို့လည်း သူက ဆိုပါတယ်။
“ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပထမဆုံး အပြုသဘောဆောင်တဲ့ ညွှန်ပြချက်ကတော့ ထိတွေ့ဆက်ဆံဖို့ ကြိုတင်ပြင်ဆင်တာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်တို့ရဲ့ အေ ဂျင်စီတွေ၊ အထူးသဖြင့် ထောက်လှမ်းရေးအေဂျင်စီတွေကနေ ဒါတွေကို ပြဋ္ဌာန်းဖို့ မဟုတ်ဘူးဆိုတာ အာမခံပါတယ်။ အာဆီယံအတွင်းမှာတောင် အုပ်ချုပ်ရေးစနစ်က နည်း နည်းတော့ ကွဲပြားပါတယ်။ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဒါမှမဟုတ် လာအိုနိုင်ငံ တွေလည်း နည်းနည်း ကွာခြားပါတယ်။ သူတို့အနေနဲ့ အားလုံး ပါ၀င်တဲ့ ဒီမိုကရေစီကို ကိုယ်စားပြုနေသရွေ့တော့ ကျနော်တို့က ဝင်စွက်ဖက် ပြဋ္ဌာန်းမှာ မဟုတ်ပါဘူး။”
မလေးရှားနိုင်ငံဟာ ၂၀၂၅ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူနေတာ ဖြစ်ပြီး လန်ကာဝီမြို့မှာ ဇန်နဝါရီ ၁၈ ရက်က စတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အော့သ်မန် ဟာရှင်ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
ဒါ့အပြင် ဟာရှင်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်ဖို့ ရှိနေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောထားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်နဝါက မြန်မာနိုင်ငံ အကျပ်အတည်းအတွက် ရေရှည်တည်တံ့ တဲ့ အဖြေကို ရှာဖွေဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အာဆီယံက ကတိပြုထားတယ်လို့လည်း ပြောပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုစနစ် ကျရှုံးမှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအပေါ် အကျိုးသက်ရောက်မှုတွေ ရှိတာလာကြောင့် အာဆီယံအနေနဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိဖို့ လိုအပ်တာကို မြန်မာအာဏာပိုင်တွေ သတိပြုမိကြောင်းလည်း သူက ဆိုပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာတင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ တိုက်တွန်းထားပါတယ်။
Source-malaymail.