ထိုင်းနိုင်ငံမှာ ဒီလဆန်းပိုင်းက တရုတ်ဆယ်လီအနုပညာရှင်တယောက် ကျားဖြန့်ဂိုဏ်းရဲ့ လိမ်လည် မှုခံခဲ့ရပြီးနောက် တရုတ်နိုင်ငံသားခရီးသွားတွေဟာ ထိုင်းနိုင်ငံကို အလည်လာဖို့ တွန့်ဆုတ်သွားခဲ့ကြ ပါတယ်။
လျော့ကျသွားတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တွေ ပြန်လာလည်စေရေးအတွက် ထိုင်း ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ခေတ်မီ AI (ဉာဏ်ရည်တု) နည်းပညာကိုသုံးပြီး တရုတ်ဘာသာ စကားနဲ့ ခရီးသွားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။
အဆိုပါဗွီဒီယိုကို “ထိုင်းခုဖာ့” အမည်ရှိ ထိုင်းအစိုးရမီဒီယာကနေ ၂၀၂၅ ခု ဇန်နဝါရီ ၂၂ ရက်က စတင်ထုတ်လွှင့်ခဲ့ပါတယ်။
ဗွီဒီယိုဖိုင်ထဲမှာ “မင်္ဂလာပါ တရုတ်မိတ်ဆွေများ၊ ကျမအနေနဲ့ တရုတ်ဘာသာစကားမပြောတတ်လို့ AI နည်းပညာကို အသုံးပြုပြီး မိတ်ဆွေများနဲ့ တိုက်ရိုက်ဆက်သွယ်ပါရစေ၊ ထိုင်းနိုင်ငံမှာ ကော်လ်စင်တာ (စကဲင်မာ) ဂိုဏ်းသတင်း၊ လူကုန်ကူးမှုသတင်းတွေကြောင့် မိတ်ဆွေတို့ဟာ ထိုင်းနိုင်ငံကို အလည်လာဖို့ စိုးရိမ်မှုတွေ ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ထိုင်းအစိုးရအနေနဲ့ အဲဒီပြဿနာတွေ အပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကို မျက်ကွယ်မပြုဘဲ အရှိန်မြှင့်နှိမ်နင်းဆောင်ရွက်လျက်ရှိပါတယ်၊ ဒါ့အပြင် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တို့ရဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်ပြီး ယုံကြည်စိတ်ချရအောင် အဖွဲ့စုံ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ဒီအချိန်အခါဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကာလဖြစ်သလို ထိုင်းနိုင်ငံ နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေးဟာ နှစ် ၅၀ တိုင်လာပြီဖြစ်တာကြောင့် ဒီလိုထူးခြားတဲကာလမှာ ထိုင်းနိုင်ငံကို စိတ်ချယုံကြည်စွာအလည်လာဖို့ ဖိတ်ခေါ်ပါတယ်” လို့ အဓိပ္ပာယ်ရတဲ့ တရုတ် ဘာသာနဲ့ ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။
အဆိုပါနှုတ်ခွန်းဆက်စကားကို ထိုင်းဝန်ကြီးချုပ်က ထိုင်းဘာသာနဲ့ ပြောကြားထားပြီး AI နဲ့ တရုတ်လို ဘာသာပြန်ဆိုစေရာမှာ ဝန်ကြီးချုပ်ရဲ့ မူရင်းအသံအတိုင်း တရုတ်ဘာသာစကား ပီသစွာ ထွက်လာသလို ပါးစပ်အဖွင့်အပိတ်၊ လက်ဟန်ခြေဟန်မှာလည်း သဘာဝကျလွန်းတာကြောင့် မသိတဲ့ ထိုင်းပြည်သူအချို့က တို့ဝန်ကြီးချုပ်က တရုတ်လိုလည်း ပြောတတ်တယ်၊ အရမ်းတော် တယ်ဆိုပြီး ချီးမွမ်းနေကြပါတယ်။
ကိုးကား - Bright TV