Home
ရုပ်သံ
ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့်ဂိုဏ်းက ဆက်သွယ်ပြီး လိမ်လည်ရန်ကြိုးစား
DVB
·
January 15, 2025
Photo-thairath

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ဟာ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းရဲ့ ဆက်သွယ်လာတာကိုခံရပြီး အလှူငွေထည့်ခိုင်းတယ်လို့ ကာယကံရှင်က သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ထိုင်း၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ သောင်းကျန်းနေတာမှာ နိုင်ငံတော် အကြီးအကဲတွေကိုပါမချန် လိမ်လည်ဖို့ ကြိုးစားလာကြတာဖြစ်ပါတယ်။

AI ဉာဏ်ရည်တု နည်းပညာကို အသုံးပြုပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်အလှူခံလာတာလို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် က ပြောပါတယ်။  

“သူတို့က AI နည်းပညာကိုသုံးပြီး နိုင်ငံအကြီးအကဲတယောက်ယောက်ရဲ့ အသံကိုတုပထားတာ၊ မနေ့ည ၁၁ နာရီလောက်မှာ ဖုန်းဆက်လာတယ်၊ ကျမက အိပ်ပျော်သွားတော့ ဖုန်းလက်မခံလိုက်ရဘူး။ မနက်ကျတော့ မက်ဆေ့ချ်ပြန်ပို့လာတယ်။ အလုပ်လုပ်ရတာ ဘယ်လိုလဲ အဆင်ပြေလား you ကို အမြဲတမ်း look forward လုပ်နေပါတယ်။ အတူတကွ လက်တွဲပြီး အလုပ်လုပ်ချင်တယ်ပေါ့။ ကျမကလည်း မနေ့ညက အိပ်ပျော်သွားလို့ ဖုန်းမကိုင်ရဘူးလို့ မက်ဆေ့ ပြန်ပို့တယ်။ ပြီးတော့ သူက အသံဖိုင်နဲ့ အာဆီယံနိုင်ငံ အလှူရှင်တွေထဲမှာ ထိုင်းနိုင်ငံ မလှူရသေးဘူး။ ဒီအကောင့်ထဲကို အလှူငွေထည့်ပေးဖို့ ပြောတယ်။ သူ ပို့လာတဲ့ ဘဏ်အကောင့်က နိုင်ငံခြားဘဏ်အကောင့်ကြီး။” 

ထိုင်းနိုင်ငံသားတွေအနေနဲ့   သူ့အမည်နဲ့ အလှူငွေကောက်ခံလာရင်  မထည့်ကြဖို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

“ဒီလို ဆက်သွယ်လာတာဟာ ပုံမှန်မဟုတ်ဘူးဆိုတာ အစကတည်းက ရိပ်မိပါတယ်။ ဘယ်လို ဆက်ပြောမလဲ သိချင်လို့ပါ။ သူ့ဖုန်းနံပါတ်ကို လူတိုင်း အလွယ်တကူမရနိုင်ဘူး။ ဒီမတိုင်ခင် အလိမ်ခံရတဲ့သူတယောက်ယောက်ထံက ရသွားတာဖြစ်လိမ့်မယ်။ ပြည်သူတွေကို သတိ ပေးချင်တာက ကျမနာမည်နဲ့ အလှူငွေတွေဘာတွေလာကောက်ရင် မထည့်ကြပါနဲ့၊ ကျမအလှူ ငွေမကောက်ပါဘူး။”

ကမ္ဘာပေါ်မှာ အွန်လိုင်းငွေလိမ်ခံရတာကြောင့် ပြီးခဲ့တဲ့  ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၀၀၀ သန်းကျော် (ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၂၀၀,၀၀၀) ဆုံးရှုံးခဲ့တယ်၊ ခံရသူတွေအများစုဟာ အရှေ့တောင်အာရှနိုင်ငံတွေက ဖြစ်တယ်လို့  မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတွင်း ထုတ်ပြန်ထားပါတယ်။ 

Source: Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013