Home
မြန်မာသတင်း
ဖမ်းဆီးခံ ထိုင်းငါးဖမ်းလှေသား ၄ ဦး လာမည့်နှစ်ဆန်းပိုင်း ပြန်လွတ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
DVB
·
December 13, 2024
Photo-CH7 HD News

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်းငါးဖမ်းလှေတစီး၊  ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာ့ရေ တပ်က ဖမ်းဆီးထားတာ သီတင်းပတ် ၂ ပတ်လောက်ကြာရှိနေပြီး  ကနေ့ထိ ပြန်မလွတ်သေးပါဘူး။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကတော့ မကြာခင် နှစ်ဆန်းပိုင်းမှာ သတင်း ကောင်းကြားရမှာဖြစ်တယ်၊ သူ့အနေနဲ့လည်း ရန်ကုန်က ထိုင်းသံအမတ်ကြီးနဲ့ အမြဲဆက်သွယ်နေတယ်၊ ထိုင်းသံအမတ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးကို သွားတွေ့ပြီးပြီ၊ ဘာပြဿနာမှမရှိပါဘူး၊ ဒီဇင်ဘာ ၁၉ ရက်မှာ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးမယ်၊ နှစ်သစ်ကူးနောက်ပိုင်းမှာ ပြန်လွတ်လာမယ်လို့  ဒီဇင်ဘာ ၁၁ ရက်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ လောလောဆယ် ကော့သောင်းမှာပဲ လုံခြုံဘေးကင်းစွာရှိနေပြီး မြန်မာစစ်ကောင်စီဘက်က လုပ်ထုံးလုပ်နည်းတွေကြောင့် ကြန့်ကြာနေတာလို့ ဆိုပါတယ်။ 

အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ တာဝန်ရှိသူတွေအနေနဲ့ သူတို့ အမြန် ဆုံးပြန်လည်လွတ်မြောက်အောင်ဆောင်ရွက်ပေးဖို့  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ရနောင်း ခရိုင်အုပ်ချုပ်ရေးရုံးမှာ ဆိုင်းဘုတ်ကိုင်ပြီး လာရောက်တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့လွတ်လာမှာပါ မပူပါနဲ့လို့ ပြောဆိုပေမဲ့ ဘယ်နေ့ဘယ်ရက်မှာ ပြန်လွှတ်ပေးမလဲဆိုတာကို အတိအကျပြောပေးစေချင်တယ်၊ သူတို့ဟာ ကောင်းကောင်း မွန်မွန်နေ ထိုင်စားသောက်နေရတယ်လို့ သိရပေမဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို စိုးရိမ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ထိုင်းငါးဖမ်းလှေများအသင်း ဥက္ကဋ္ဌကလည်း ထိုင်းငါးဖမ်းလှေတွေမှာ VMS လို့ခေါ်‌တဲ့ နေရာအခြေပြကိရိယာရှိတယ်၊ ငါးဖမ်းလှေတွေ ထိုင်းရေပိုင်နက်နဲ့ အဝေးကိုရောက်သွားရင် ကိရိယာက အချက်ပေးတယ်၊ ဒီငါးဖမ်းလှေတွေမှာ အချက်ပေးသံမကြားရဘူး၊ တာဝန်ရှိ သူတွေအနေနဲ့  လှေနဲ့လူတွေ ပြန်လွတ်လာဖို့ ကြိုးစားနေရင်း တဘက်ကလည်း ရေပိုက်နက် အတိအကျတိုင်းထွာတာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောသွားပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက်က ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်တာကြောင့် ထိုင်းနိုင်ငံသားတယောက် ရေထဲ ခုန်ချသေဆုံးပြီး တယောက် နားနဲ့ပါးမှာ ကျည်ရှပ်ထိဒဏ်ရာရကာ မြန်မာရေလုပ်သားတယောက် လှေပေါ်မှာ ဓာတ်လိုက်ဒဏ်ရာရခဲ့တယ်။

ငါးဖမ်းလှေ ၂ စီး ကျည်ထိမှန်ပြီး  တစီး အဖမ်းခံထားရတယ်သလို ထိုင်း ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်လည်း အဖမ်းခံထားရတာပါ။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပစ်ခတ်ဖမ်းဆီးမှုမှာ လူသေဆုံးသူ မရှိတဲ့အကြောင်းနဲ့  ငါးဖမ်းလှေပေါ်မှာ လက်နက်ခဲယမ်းမဟုတ်တဲ့  အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပစ္စည်းတွေ တွေ့လို့  စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

Source:  CH7 HD News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013