Home
မြန်မာသတင်း
မြန်မာရေတပ်ဖမ်းထားသည့်  ထိုင်းငါးဖမ်းလှေသားများကို ပြန်လွှတ်ပေးမည်
DVB
·
December 6, 2024
Photo-Royal Thai Navy

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်နေတဲ့ မြန်မာရေပိုင်နက်ထဲမှာ ပြီးခဲ့တဲ့သောကြာနေ့ ညသန်း ခေါင်ကျော်က မြန်မာ့ရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ထိုင်းငါးဖမ်းလှေသားတွေကို ပြန် လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်ဘက်က ပြောထားပြီး ဒီဇင်ဘာ ၆ ရက် ဒီကနေ့ ထိုင်းကို ပြန်ရောက်မယ်လို့ ခန့်မှန်းကြောင်း ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းငါးဖမ်းလှေပေါ်က ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာရေလုပ်သား ၂၇ ယောက် စုစုပေါင်း ၃၁ ယောက်တို့ကို ပြန်လွှတ်ပေးမယ်လို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့ ညနေ ၅ နာ ရီ လောက်မှာ အကြောင်းကြားခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းထောက်ကို ပြောပါတယ်။

“သူတို့ကိုပြန်လွှတ်ပေးဖို့ ကျနော်တို့ရေတပ်တာဝန်ရှိသူဘက်ကရော နယ်ခြားကော်မတီ TBC ကပါ ပူးပေါင်းပြီး ဆွေးနွေးညှိနှိုင်းနေတာ၊  ပြန်လွှတ်ပေးမယ်လို့ မြန်မာသံရုံးက အကြောင်းကြားလာတယ်၊ မလွှတ်ခင်တော့ လဝကဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အရင်လုပ်မယ်၊ ကျနော်တို့ငါးဖမ်းလှေဘက်က တကယ်ပဲ နယ်ကျွံဝင်သွားရင် သူတို့လဝက ဥပဒေ အကောက်ခွန် ဥပဒေအရ အရေးယူခံရမယ်၊ ဒါပေမဲ့ ဘာမှပြဿနာမရှိပါဘူး။” 

ဒီကိစ္စအတွက် ၂ နိုင်ငံဆက်ဆံရေးထိခိုက်မှာမဟုတ်ကြောင်း၊ လက်ရှိမှာ ထိုင်း ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်ရော ဖမ်းထားတဲ့ငါးဖမ်းလှေပါ ကော့သောင်းကို ရောက်ရှိနေပြီ ၊ သူတို့ကို ရနောင်းခရီးသွားလုပ်ငန်းကလှေနဲ့ သွားကြိုလာမယ်၊ လွတ်လာသူတွေကို ကျန်းမာရေးစစ်ဆေးဖို့ ဆရာဝန်ပါအသင့်ပြင်ထားဖို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က မှာကြားထားတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ ထိုင်း ၄ ယောက်ထဲမှာ လှေဦးစီး တယောက်၊ စက်ပြင်ဆရာ ၂ ယောက်နဲ့  လှေသား တယောက်တို့ ပါဝင်ပြီး အသက် ၆၀‌ ကျော်ရွယ် လူကြီးပိုင်းတွေ ဖြစ်ကြပါတယ်။ 

ပင်လယ်ပြင်ထဲမှာ နိုဝင်ဘာ ၃၀ ရက် မနက်က ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်ကပစ်ခတ်တာကြောင့် ထိုင်းနိုင်ငံသား  တယောက် ရေထဲခုန်ချ သေဆုံးပြီး  တယောက် နားနဲ့ပါးမှာ ကျည်ရှပ်ထိဒဏ်ရာရပြီး မြန်မာရေလုပ်သား တယောက် လှေပေါ်မှာဓာတ်လိုက်ဒဏ်ရာရခဲ့ပါတယ်။ ငါးဖမ်းလှေ ၂ စီး ကျည်ထိမှန်ပြီး တစီး အဖမ်းခံထားရပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပစ်ခတ်ဖမ်းဆီးမှုမှာ လူသေဆုံးသူ မရှိတဲ့အကြောင်းနဲ့  ငါးဖမ်းလှေပေါ်မှာ လက်နက်ခဲယမ်းမဟုတ်တဲ့  အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပစ္စည်းတွေ တွေ့လို့  စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013