ထိုင်းငါးဖမ်းစက်လှေနဲ့အတူဖမ်းမိသူတွေကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ဆေးနေသလို ဖမ်းဆီးရာမှာ ထိခိုက်သေဆုံးခဲ့သူမရှိခဲ့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ရဲ့ ဝါဒဖြန့် ပြန်ကြားရေးဌာနကနေ ဒီဇင်ဘာ ၂ ရက် ဒီနေ့ညမှာ ထုတ်ပြန်ပြောဆိုလာတာပါ။
နိုဝင်ဘာ ၃၀ ရက် မနက်အစောပိုင်းက မြန်မာရေပိုင်နက်အတွင်း ၅ မိုင်ဝန်းကျင်မှာ ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်း အုပ်စုထဲက ၂ စင်းကို မြန်မာရေတပ်က ပစ်ခတ်ခဲ့လို့ ငါးဖမ်းသမား ၁ ယောက် ရေနစ် သေဆုံးခဲ့ပြီး သင်္ဘောသား ၃၁ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းဌာနတွေကို ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောချင်ပါတယ်။ ထိခိုက်သေဆုံးခဲ့တာ မရှိခဲ့ပါဘူး။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ပစ္စည်းတွေ တွေ့ရှိရတဲ့အတွက် စစ်ဆေးလျက်ရှိပါတယ်” လို့ ပြောပါတယ်။
ဘာတွေ တွေ့ရတယ်ဆိုတာတော့ သူက မပြောခဲ့ပါဘူး။ ကော့သောင်းမြို့နယ်က ရေတပ်သင်္ဘောဟာ နိုဝင်ဘာ ၃၀ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ ငါးဖမ်းစက်လှေတွေတွေ့လို့ စစ်ဆေးဖို့ မီးအချက်ပြခေါ်ပေမဲ့ ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ပြီး မနက် ၃ နာရီကျော်မှာ စက်လှေတစင်းကို ကြက်မောက်ကျွန်းနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စက်လှေနဲ့အတူ ငါးတွေနဲ့ မြန်မာ ၂၇ ယောက်၊ ထိုင်း ၄ ယောက်ကိုဖမ်းဆီးရမိပြီး ရေတပ်စခန်းဆီကိုခေါ်လာပြီးနောက် ထိုင်းနိုင်ငံ၊ ရနောင်းက တာဝန်ရှိသူတွေဆီ အကြောင်းကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ဆေးချက်တွေအရ အဲဒီစက်လှေဟာ ရနောင်းမှာရှိတဲ့ ထိုင်းနိုင်ငံသားတယောက်က ပိုင်တဲ့လှေလို့လည်း သူက ပြောပါတယ်။
ပြီးတော့ ထိုင်းစစ်တပ်နဲ့လည်း ကောင်းမွန်တဲ့အဆက်အသွယ်တွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထာနာတစ်ပ် စာဝမ်ဆောင်ကတော့ မြန်မာရေတပ်က ပစ်ခတ်ချိန်မှာ ငါးဖမ်းသမား ၃ ယောက် ရေထဲခုန်ချခဲ့လို့ ၁ ယောက် ရေနစ် သေဆုံးပြီး ၂ ယောက်ကို ထိုင်းရေတပ်က ကယ်ဆယ်နိုင်ခဲ့သလို ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းရေတပ်က ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သတင်းဌာနတွေကို ပြောပါတယ်။
ဒီလို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ကလည်း ပြောထားသလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုလည်း ထိုင်းနိုင်ငံခြားရေးဌာနက ဆင့်ခေါ် ကန့်ကွက်ထားပါတယ်။