စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေ သိန်းဆုဌာနက အက္ခရာ ၈ လုံးအထိပဲ ထီလက်မှတ်တွေ ထုတ်လုပ်ရောင်းချနေပြီး အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဉ်ရင် ထီလက်မှတ် ထုတ်လုပ်ရောင်းချနိုင်မှု ၅ ဆ ၁ ဆအထိ လျော့ကျခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက ထီလုပ်ငန်းကို ဆန့်ကျင်ခဲ့တာကြောင့် လုပ်ငန်း ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပြီး အစိုးရတရပ်ရဲ့ ဦးစီးဌာန လုပ်ငန်းတခုအနေနဲ့ ဟန်မပျက် ဆက်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။
လက်နက်ကိုင်တော်လှန်ရေးနောက်ပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထီလက်မှတ်တွေ ဖြန့်ဝေရောင်းချဖို့ အခြေအနေ မပေးတော့တာကြောင့် ၂၀၂၃ ဇွန်လမှာ အွန်လိုင်းကနေ ထီလက်မှတ်ရောင်းချတဲ့စနစ်ကို ပြောင်းပြီး ဝင်ငွေရဖို့ စစ်ကောင်စီက ကြိုးစားခဲ့ပါတယ်။
ထီကုန်သည်တယောက်က “၂၀၂၀-၂၁ မတိုင်ခင် အရင်တုန်းကဆိုရင်တော့ အောင်ဘာလေမှာ အလုံး ၄၀၊ ၄၅ လုံးပေါ့နော်၊ အဲ့လောက်အထိအောင် ထုတ်ခဲ့ကြတာ။ အခုဟာကတော့ ဒီလဆိုရင် ၈ လုံးထုတ်တယ် အက္ခရာအနေနဲ့၊ ၈ လုံး ၉ လုံးနဲ့ ၄၅ လုံးဆိုတော့ ၅ ဆ ၁ ဆ လောက်တော့ ရောင်းအားက အောက်ဆင်းသွားတာပေါ့။ အရင် သိန်း ၁ သောင်းခွဲပေးတယ်၊ အခုကတော့ သိန်း ၅,၀၀၀ ပဲ ပေးနိုင်တော့တယ်။ 5 digit online lottery ဆိုပြီးတော့ တဖက်ကလည်း သူတို့ထုတ်ရောင်းနေတာ။ အဲဒီကောင်ကတော့ အမြင့်ဆုံးမှ သိန်း ၅၀၀ ပေးတယ်လို့ ကြေညာထားတယ်။ အရင်တုန်းကတော့ Paper Lottery နဲ့ လာရောတယ်။ ခုနောက်ပိုင်းတော့ မရောတော့ဘဲနဲ့ online lottery က သတ်သတ်ထုတ်တယ်၊ တလ ၂ ကြိမ် သွားတယ် သူက” လို့ ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက အောင်ဘာလေထီလုပ်ငန်းကို မဝယ်ဘဲ သပိတ်မှောက်နေချိန် ၂၀၂၁ ဩဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောင်လံလွင့်ချီ နွေဦးထီ အစီအစဉ်ကို စတင်ခဲ့တာကလည်း စစ်ကောင်စီရဲ့ အောင်ဘာလေထီလုပ်ငန်းကို ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
နိုင်ငံတဝန်း ထီလုပ်ငန်းကို မှီခိုနေခဲ့တဲ့ လက်လီအရောင်းဆိုင် အများအပြားဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက ပိတ်သိမ်းခဲ့ကြပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေပေါ်မှာပဲ အရောင်းအဝယ် ရှိခဲ့ပါတယ်။
အဲဒီတုန်းက ဆုကြေးငွေတွေကို ချက်ချင်းလက်ငင်း ထုတ်ပေးတဲ့စနစ်နဲ့ စစ်ကောင်စီက ပြည်သူတွေကို ဆွဲဆောင်ခဲ့ပြီး လက်ရှိ အွန်လိုင်းထီစနစ်ကလည်း ထီပေါက်နိုင်ခြေ ပိုများအောင် အက္ခရာနဲ့ ဂဏန်းတွေ လျှော့ချပြီး အထွေထွေကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် ကံစမ်းချင်စရာဖြစ်အောင် မက်လုံးပေးထားတာ ဖြစ်ပါတယ်။
ထီကုန်သည်တယောက်က “ကျနော်က လုပ်ငန်းနည်းနည်းသေးတဲ့အခါကျတော့ သိပ်တော့ မသိသာဘူး။ လုပ်ငန်းကြီးတဲ့သူတွေကတော့ ကောင်းရင်လည်း ကောင်းတဲ့အလျောက် ခံစားရပါတယ်။ ဆိုးရင်လည်း ဆိုးတဲ့အလျောက် ခံစားရပါတယ်။ နေပြည်တော်မှာ ရောင်းအကောင်းဆုံးပ။ ဧရာဝတီတိုင်းတို့၊ ရန်ကုန်လည်း ရောင်းကောင်းပါတယ်။ မန္တလေးကတော့ နည်းနည်းကျသွားတယ်ဗျ။ ဒါပေမဲ့ တဖက်မှာတော့ အွန်လိုင်းထီဆိုပြီးတော့ ပေါ်လာတယ်။ ၂၀၂၁ ဒီဘက်နောက်ပိုင်းမှာကြတော့ ထီရဲ့ရောင်းဈေးက ကျနော်တို့ ရုံးထုတ်ဈေးလောက်ပဲ ရောင်းကြပါတယ်။ အခု ဈေးလေးနည်းနည်းပြန်ကောင်းတာတော့ ပြီးခဲ့တဲ့လကမှ ပြန်ကောင်းတာပါ။ ရုံးထုတ်ဈေးကတော့ ၁၁ စောင်ပါတာကို ၁၀,၀၀၀ ဗျ။ မြန်မာထီကို မထိုးဘဲ တခြား ပြင်ပထီကို သူတို့ထိုးကြတာလည်း ရှိပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းမှုအပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ စဖြစ်ကတည်းက အောင်ဘာလေထီကို နယ်မြို့တွေက ခေါက်ပြန်ကြေးနဲ့ ထီအရောင်းအဝယ်လုပ်ခဲ့သူ တချို့ဟာ လက်မှတ်ဖိုးတွေ ပုံမှန်မရှင်းနိုင်တော့ဘဲ အကြွေးတင်ပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။
လုပ်ငန်းလုံးဝရပ်ဆိုင်းမသွားတာက ထီလုပ်ငန်းနဲ့ စားဝတ်နေရေး ဖြေရှင်းရတဲ့ အခြေခံဝယ်လက်ငယ်တချို့နဲ့ လောင်းကစားလုပ်တဲ့သူတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တနှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။
ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်နဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေကြောင့် ထီမရောင်းချနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဟာ တနှစ်ဝင်ငွေ အများဆုံး ၁၂ ဘီလီယံဝန်းကျင်ပဲ ရနိုင်မယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ခဲ့ပါတယ်။
ဒီတွက်ချက်မှုအရ တနှစ်ပတ်လုံး ထီမရောင်းရဘူးဆိုရင် ထီကရမယ့် အခွန်ဝင်ငွေထဲက နှစ်စဉ် ၁၅၁ ဘီလီယံလောက်ကို စစ်ကောင်စီက နစ်နာနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ