Home
မြန်မာသတင်း
စစ်ကောင်စီ၏ မူဝါဒကြောင့် ကုန်သည်များအရှုံးပေါ်ပြီး ပို့ကုန် သွင်းကုန်များ နည်းပါးလာ
DVB
·
November 28, 2024

စစ်ကောင်စီရဲ့ နိုင်ငံခြား ပို့ကုန် သွင်းကုန် မူဝါဒတွေ အမျိုးမျိုးကြောင့် ကုန်သည်တွေ အရှုံးပေါ်နေပြီး  ပို့ကုန် သွင်းကုန်တွေ နည်းလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကနေ ကုန်သွယ်ရာမှာ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်း ဗဟိုဘဏ်ကို ပေးသွင်းပြီး စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုန်သွယ်မှုတွေ ကောင်းမွန်နေပြီး GDP တွေ ဘယ်လိုရတယ် ပြောဆိုနေပေမဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေကြောင့် ပို့ကုန် သွင်းကုန်တွေ မရှိသလောက် ဖြစ်လာတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ကုန်သည်တွေက အရှုံးပေါ်တယ်။ ကုန်သွယ်မှုတွေက ကြာလေ နည်းလေပဲ။ မင်းအောင်လှိုင်က ကုန်သွယ်မှုတွေ ဘယ်လိုကောင်းတယ်။ GDP တွေ ဘယ်လိုလုပ်နေတယ်ဆိုပြီး လေလုံးထွားနေတယ်။ အတင်းအဓမ္မ အခွန်ပဲတောင်းနေတာ။ နိုင်ငံခြားငွေ ပြန်ဝင်လာတဲ့အခါကျရင် ခေါင်းပုံဖြတ်စားတာပဲ၊ အဲဒီအလုပ်ပဲ သူလုပ်တယ်။ ကုန်သွယ်မှုက Export Import တွေ မရှိသလောက်ဖြစ်လာတယ်။ ကုန်သည်က ရှုံးနေတဲ့ဟာ သူ အလုပ်ဆက်မလုပ်ဘူးလေ။ အခွန်မူဝါဒတွေ လျှော့ပေါ့ပေးမှဖြစ်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး မြန်မာ-ထိုင်းနယ်စပ်ကို အဓိက ကုန်စည်စီးဆင်းနေတဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ထို့ကော်ကိုးလမ်းပိုင်းကနေ ဒေါနတောင်ကို ဖြတ်သန်းပြီး မြဝတီမြို့ကို ကုန်စည်တွေ သယ်ယူပို့ဆောင်နေတာပါ။

ကုန်သည်တွေအနေနဲ့ စစ်ကောင်စီရဲ့ မူဝါဒအပြေင်းအလဲအပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဌာနဆိုင်ရာ၊ လက်နက်ကိုင်ဂိတ်တွေရဲ့ ငွေကြေးကောက်ခံတာ များပြားတာတွေနဲ့   ကုန်သည်တွေ ထပ်မံရင်ဆိုင်နေရပါတယ်။

ကုန်သည်တယောက်က “အခုက လမ်းတွေလည်း အခြေအနေမကောင်းဘူး။ ကုန်သွယ်ရေး အခြေအနေက အာရှလမ်းကြီးမှ မဖွင့်ဘူးဆိုရင် မရနိုင်ဘူးလို့ ကျနော်ထင်တာပဲ။ အခုဖွင့်ထားတဲ့ လမ်းလေးတွေက တွဲကားတွေ၊ ၁၂ ဘီးကားတွေ တက်ရခက်တာရယ်၊ စရိတ်စက ဈေးကြီးတာရယ်၊ အခု ဂျူတီတွေနဲ့ ကုန်သည်တွေအနေနဲ့ အဆင်ပြေမယ်လို့ မထင်ဘူး။ ဈေးနှုန်းတွေက များတယ်။ ဒီနှစ်ပိုင်းအခြေအနေက ဒီအာရှလမ်းပိုင်းက မဖွင့်နိုင်ဘူးထင်တာပဲ။ ဖွင့်လိုက်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့လည်း ငုတ်တုပ်ထိုင်နေရတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အခွန်ဆောင်ထားတဲ့ ကုန်စည်တင်ယာဉ်တွေကိုပါ ဌာနဆိုင်ရာတွေက တရားမဝင်နည်းတူ ငွေကြေးကောက်ခံနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ကုန်စည်သယ်ဆောင်ခ ကားခတော့ ဈေးကျတယ်။ ဒါပေမဲ့ ဂိတ်တွေက တိုးလာတယ်။ အရင်တုန်းက နိုင်ငံတော်အခွန်ဆောင်ထားတဲ့ ကုန်ကားတစီး သွားမယ်ဆိုရင် လမ်းမှာ ဂိတ်တွေကို ၅၀၀၊ ၁,၀၀၀ ပိုပေးစရာမလိုဘူး။ အခုကမဟုတ်ဘူး။ နိုင်ငံတော်အခွန် အပြည့်ဆောင်ထားပြီးသွားတဲ့ကားက တံတားကျိုးတံဆိပ်တုံးထုတဲ့ နေရာမှာတင် အဲဒီဝင်းထဲမှာတင် ၃၇၀,၀၀၀ လောက်ကုန်တယ်။ တလမ်းလုံး ၅,၀၀၀ ပေးလို့မရဘူး။ ၃၀,၀၀၀၊ ၂၀,၀၀၀ တွေချည်းတောင်းတော့ လမ်းစရိတ်တွေက ဈေးကြီးတယ်” လို့ ပြောပါတယ်။

ကုန်စည်တင်ဆောင်ခအနေနဲ့ မြဝတီ-သာမညအထိ ၁ တန် ကျပ် ၃ သိန်းခွဲ၊ သာမည-ရန်ကုန် ကုန်စည် ၃၂ တန်ပါ ၂၂ ဘီးတွဲကားတစီးကို ကျပ် ၃၇ သိန်း ရှိပါတယ်။

စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေကလည်း ထိုင်းကုန်စည်တင်ဆောင်တဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးတာ၊ တရားမဝင် တင်ဆောင်လာတဲ့ ကုန်စည်တွေအပြင် ယာဉ်နဲ့ ယာဉ်မောင်းတွေကိုပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024