Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံ၊ အွန်လိုင်းလောင်းကစားနှင့် အလုပ်သမားအရေးကိစ္စများ ဆွေးနွေး 
DVB
·
November 8, 2024
Photo-CINCDS

တရုတ်နိုင်ငံက ဦးဆောင်ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေး ပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ဖဲ့ထောင်ထန်း ရှင်နာဝပ်ထရာဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးနဲ့ အလုပ်သမားအရေးအပါအဝင် နှစ်နိုင်ငံအရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

ထိုင်းဝန်ကြီးချုပ်က  "ကျမတို့သီးသန့် စကားပြောဆိုခဲ့ကြပြီး မမျှော်လင့်ထားတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ခြင်းတော့ မရှိပါဘူး။ ငြိမ်းချမ်းရေးဆီ ချဉ်းကပ်စေလိုတဲ့ စိတ်စေတနာနဲ့သာ လက်ကမ်းခဲ့ပါတယ်"လို့ အောက်တိုဘာ ၇ ရက်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက်   သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့လည်း  ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး မြှင့်တင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် အလုပ်သမားအရေး၊ နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းနဲ့ ဌာနဆိုင်ရာအချင်းချင်း အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊  မြန်မာ့ နိုင်ငံရေးနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စတွေ အမြင်ချင်းဖလှယ်ဆွေးနွေးကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လက လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးအတွင်း မြန်မာအရေးကို စစ်ရေးနည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ စကားစပြောဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း မစ္စဖဲ့ထောင့်ထန်းက ပြောကြားခဲ့ဖူးပါတယ်။

လာမယ့်နှစ်မှာ စစ်ကောင်စီကကျင်းပဖို့  အဆိုပြုထားတဲ့ ရွေးကောက်ပွဲကိုလည်း ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံမှုရှိကြောင်း ဝန်ကြီးချုပ်ကိုယ်တိုင် အရိပ်အမြွက်ပေးခဲ့ပါတယ်။

အာဆီယံကတော့ ရွေးကောက်ပွဲအကြောင်းကို တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြဖို့ လက်ရှောင်ထားဆဲ ဖြစ်ပါတယ်။

ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းမှာ မဟာမဲခေါင်ဒေသခွဲနဲ့ ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီပွားရေးပူပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(Acmecs) အစည်းအဝေးတွေကို စစ်ခေါင်းဆောင်က တက်ရောက်နေတာပါ။

ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံးသော တရုတ်ပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။

၁၀ ကြိမ်မြောက်ဖြစ်တဲ့ အဲ့ဒီထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် အပါအဝင် ထိုင်း၊  လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယား စတဲ့ ဒေသတွင်းနိုင်ငံတွေက ဝန်ကြီးချုပ်တွေပါ တက်ရောက်ခဲ့ ကြပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်  ဟွန်မာနက်တို့နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ခဲ့ပြီးနောက် စစ်ခေါင်းဆောင်က မဝေးတော့တဲ့အနာဂတ်မှာ မြန်မာ့အရေးအကျပ်အတည်းကို ငြိမ်ချမ်းစွာ ဖြေရှင်းနိုင်မယ်လို့  မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံကြားက ကီလိုမီတာ ၂၀၀၀ လောက်ရှိတဲ့ နယ်စပ်ဒေသတလျှောက်မှာ တိုက်ပွားတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ကို ထိခိုက်မှုရှိစေခဲ့ပါတယ်။

ဒါ့အပြင် တာ့ခ်နဲ့ မဲ့ဟောင်ဆောင် ခရိုင်လိုမျိုး ထိုင်းနယ်စပ်ဒေသတွေမှာ မြန်မာ စစ်ဘေးရှောင်တွေ သိန်းနဲ့ချီပြီး ခိုလှုံနေရတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013