Home
မြန်မာသတင်း
တရုတ်ခရီးစဉ်တွင် ပြည်နယ်အဆင့် ပါတီကော်မတီအတွင်းရေးမှူးနှင့် စစ်ခေါင်းဆောင်တွေ့ခွင့်ရ၊ မြန်မာတွင် လျှပ်စစ်ကားလုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် 
DVB
·
November 6, 2024
Photo-CINCDS

မြန်မာနိုင်ငံမှာ လျှပ်စစ်ကားလုပ်ငန်း လာရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ နေရောင်ခြည်သုံး ဆိုလာ စွမ်းအင်ထုတ်ဖို့အတွက် ရာသီဥတုပူပြင်းတဲ့ ဒေသမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုရင် အောင်မြင်နိုင်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။ 

စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ  ၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး ဝန်နင်းနဲ့ တွေ့ဆုံခဲ့သလို  စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ သီးခြား တွေ့ဆုံပြီး  ဖိတ်ခေါ်ခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အတူပူးပေါင်းအရှိန်မြှင့် ဆောင်ရွက်ဖို့၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ စိုက်ပျိုးမွေးမြူရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတတွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေး၊ကျန်းမာရေး၊ ယဉ်ကျေးမှု အပါအဝင် တခြားကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနဲ့တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

အတွင်းရေးမှူး ဝန်နင်းကတော့  နိုင်ငံ ဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုတွေကို အတူပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်တဲ့ စီမံကိန်းလုပ်ငန်းတွေ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း ကူးမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေး၊  မွေးမြူရေး၊ တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေး ၊ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနဲ့ ပိုးသတ်ဆေးထုတ်လုပ်ရေး၊ အေးခဲအသားထုတ်လုပ်ရေး၊  ဝါနဲ့ ရာဘာစိုက်ပျိုးရေး၊ သစ်အခြေခံ ပရိဘောဂထုတ်လုပ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆိုလာနဲ့ ရေအားလျှပ်စစ်လုပ်ငန်း၊ လျှပ်စစ်ကားလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

စစ်ခေါင်းဆောင်က “ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်၊ လေအားလျှပ်စစ်လို့ ရှိပြီး တရုတ်နိုင်ငံအနေနဲ့ ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ဓာတ်အားတို့ကို အောင်မြင်စွာဆောင်ရွက်နေတယ်၊ မြန်မာနိုင်ငံအနေနဲ့ ပူပြင်းသည့်ရာသီ ဥတုရှိတဲ့အတွက် နေရောင်ခြည်သုံးဆိုလာ စွမ်းအင်ကို အောင်မြင်စွာ ဆောင်ရွက် နိုင်မယ်၊ အဆိုပါရာသီဥတုပူပြင်းတဲ့ ဒေသတွေမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုပါက အောင်မြင်နိုင်မှာဖြစ်ပြီး ဆောင်ရွက်မယ်ဆိုပါက ဆိုလာစွမ်းအင် မှရရှိတဲ့ လျှပ်စစ်ဓာတ်အားနဲ့ ရေရရှိအောင် ဆောင်ရွက်ပြီး ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ကြဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို အခုထက်မက တိုးမြှင့်သွားဖို့၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေ အကျိုးခံစားခွင့်နဲ့ အခွန်ကင်းလွတ် သက်သာခွင့်ပေးထားသလို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့စေဖို့ ယွမ်-ကျပ် တိုက်ရိုက်ငွေ ပေးချေမှုစနစ် ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီးလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို စစ်ခေါင်းဆောင်က ပြစ်တင်ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် လက်နက်ကိုင်အဖွဲ့တွေက နည်းမျိုးစုံနဲ့ ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းတွေ အားပေးဆောင်ရွက်နေကြောင်း၊ အတိတ်ကာလတုန်းကလည်း နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးလုပ်ငန်း၊ မှောင်ခိုလုပ်ငန်းနဲ့ တရားမဝင်လုပ်ငန်းတွေလုပ်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သူတွေ ဖြစ်ကြောင်း၊ အခုချိန်မှာလည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး ရုပ်ပြအဖြစ် အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေတာတွေ့မြင်ရကြောင်း၊ “ကျား သေကို အသက်ပြန် မသွင်းမိကြစေဖို့” ပြောလိုကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ် ရေးလုပ်ငန်း ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောလိုကြောင်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမယ့် ၈ ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊  ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

Photo: CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024