Home
ရုပ်သံ
တရုတ်ဖိအားကြောင့် တော်လှန်ရေးလမ်းကြောင်း ပြောင်းမည်မဟုတ်ဟု NUG ပြော
DVB
·
November 6, 2024

တရုတ်ရဲ့ဖိအားကြောင့် တော်လှန်ရေးလမ်းကြောင်းပြောင်းလဲသွားမှာမဟုတ်ဘူးလို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နိုဝင်ဘာ ၅ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်လို့  NUG ရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားခဲ့တာပါ။

“ဒီဖိအားက မရှိရင်တော့ ကောင်းတာပေါ့လေ။ မရှိရင်တော့ ဒီတော်လှန်ရေး မြန်မြန်ပြီးမယ်၊ သို့သော် ဒီဖိအားရှိတဲ့အတွက် ကျမတို့ ပိုပြီးတော့ရုန်းရတယ်။ ပြည်သူလူထုရဲ့ စိုးရိမ်သောကတွေကို တက်စေတယ်။ သို့သော် တော်လှန်ရေးရဲ့လမ်းကြောင်း၊ ဦးတည်ရာကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့တော့ ကျမအနေနဲ့မြင်ပါတယ်။ ဒီအတိုင်းလည်း ယုံကြည်ပါတယ်လို့ ပြန်ပြီး ဖြေကြားချင်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ လက်ရှိ ဖြစ်နေတဲ့တိုက်ပွဲတွေက ရေရှည်အာမခံနိုင်တဲ့ အဖြေကိုရှာဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် ဆေးမြီးတိုနဲ့ ကုလို့မရဘူးဆိုတာ မြန်မာ့သမိုင်း ပြန်ကြည့်ဖို့လိုကြောင်းလည်း ပြောပါတယ်။

မတည်ငြိမ်မှုတွေ၊ မကြာခဏ အာဏာသိမ်းမှုတွေကို ကျော်လွှားနိုင်ဖို့အတွက်  စစ်တပ်က နိုင်ငံရေးမှာ မပါမှုကို အာမခံတဲ့ စနစ်ပြောင်းတော်လှန်ရေးမျိုး ဖြစ်ရမယ်လို့ ဆိုပါတယ်။

တရုတ်အရေးလေ့လာသူ  ဒေါက်တာလှကျော်ဇောက “အဲဒီအခက်အခဲတွေကို ကျော်နင်းနိုင်မှသာ တော်လှန်ရေးက အောင်နိုင်မှာကို။ ဒေါ်ဇင်မာအောင် ပြောတာ အမှန်ပဲ၊ ဒါဟာ ဆေးမြီးတိုလေးနဲ့ ပြီးမှာမဟုတ်ဘူး။ ဒါဟာ ကျမတို့ ရေရှည်လုပ်ရမှာ။ တရုတ်က ဒါကိုပိတ်လိုက်တာကလည်း သူ့ရည်ရွယ်ချက်က အဲဒီမှာ ပါဝင်နေတဲ့သူတွေအားလုံး နိုင်ငံရေးစားပွဲပေါ် ရောက်အောင် လုပ်တာ ဖြစ်တယ်။ အဲတော့ ဒါဟာ တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်မှာ၊ အားလုံးပါဝင်ပြီးတော့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲရောက်လာတဲ့အချိန်ထိ တရုတ်က ဆက်ကြိုးစားသွားမှာပဲလေ။ အဲဒီအတွက်ပဲ ဝိုင်းပြီးလုပ်နေကြပုံပေါ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆော င်တက်ရောက်နေတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးနဲ့ပတ်သက်လို့လည်း ဒေါက်တာလှကျော်ဇောက အစိုးရချင်း ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စ ဆက်ဆံတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး တော်လှန်ရေးနဲ့ပတ်သက်လို့ ဂယက်ရိုက်စရာကိစ္စ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး တရုတ်ပြည်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ ယူနန်ပြည်နယ်ပါတီ အတွင်းရေးမှူးနဲ့ တွေ့ဆုံပြီး နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မယ်လို့ ပြောဆိုခဲ့သလို ကူမင်းမြို့မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024