Home
မြန်မာသတင်း
တရုတ်ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ တရုတ်စီမံကိန်းများ ဘေးကင်းလုံခြုံရေး အစွမ်းကုန် ဆောင်ရွက်မည်ဟု ကတိပေး
DVB
·
November 7, 2024
Photo:CINCDS

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုရှိရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးပြောကြားလိုက်ပါတယ်။

ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တရုတ် ဝန်ကြီးချုပ်လီချန်တို့ မနေ့က တွေ့ဆုံချိန်မှာ  ပြောဆိုခဲ့တာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုရှိရေးအတွက် မြန်မာနိုင်ငံဘက်က ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး ကောင်စစ်ဝန်ရုံး နှစ်ထပ်ဆောင်ခေါင်မိုး အနည်းငယ်ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရေးအတွက် အာဏာပိုင်တွေက အစွမ်းကုန် ဆောင်ရွက်ဖို့ တောင်းဆိုထားပေမဲ့  စစ်ကောင်စီအနေနဲ့ တရားခံကို ခုချိန်အထိ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးပါဘူး။

စစ်ခေါင်းဆောင်ကတော့ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ  ရှမ်းမြောက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ညီနောင် ၃ ဖွဲ့ကို  ပြစ်တင်ပြောဆိုသွားခဲ့ ပါတယ်။  

MNDAA ၊ TNLA နဲ့  AA  အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားတွေအနေနဲ့ ဖြစ်လိုတာကို ရှေ့တန်းတင်မယ့်အစား ဖြစ်သင့်တာကို လုပ်ဆောင်ကြဖို့လိုကြောင်း၊ MNDAA ၊ TNLA နဲ့ AA အဖွဲ့သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် ပြသလာမှသာလျင် မိမိတို့အနေနဲ့ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်လို့ စစ်ခေါင်းဆောင်က  တရုတ်ဝန်ကြီးချုပ်ကို ပြောဆိုရာမှာ ထည့်သွင်းပြောသွားပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေနဲ့ အပြည့်အဝထောက်ခံအားပေး ကူညီသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒပြုကူညီမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး အရေးကြီးပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်း၊ တရုတ်နိုင်ငံမှာ အခြေပြုပြီး မြန်မာနိုင်ငံရဲ့ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုကို လက်မခံကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက် ရှိရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား ပညာရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ခိုင်မာအားကောင်းရေး၊ ပြည်တွင်းကူးလူးဖလှယ်ဆက်ဆံမှု အဆင့်မြှင့်တင်ရေး၊ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းနှိမ်နင်းရေးအတွက်လည်း မစ္စတာလီချန်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ မနေ့မနက်ပိုင်းက ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို တရုတ် ဝန်ကြီးချုပ် လီချန်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းတို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024