ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာပဋိပက္ခတွေ ငြိမ်းချမ်းစွာအဆုံးသတ်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း Phnom Penh Post သတင်းမှာ ဖော်ပြပါတယ်။
မစ္စတာ မာနက်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ထိပ်သီးအစည်းအဝေး တက်ရောက်ချိန် နိုဝင်ဘာ ၆ ရက်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပြီး အာဆီယံရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။
မြန်မာစစ်ခေါင်းဆောင်ကလည်း ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ကမ္ဘောဒီးယားရဲ့ အတွေ့အကြုံတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ရှိ ကြောင်းပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်မာနက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်က သူ့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လာမယ့် အထွေ ထွေရွေးကောက်ပွဲကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံ အကျပ်အတည်းကို မကြာမီကာလအတွင်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ မာနက်က ပြောပါတယ်။
ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီမှ နိုင်ငံတကာဆက်ဆံရေးအင်စတီကျု ဒါရိုက်တာ ကင်ဖီရာက ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ထူထောင်နိုင်စေမယ့် ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ကို တစိုက်မတ်မတ် ထောက်ခံခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။
အခုတခါ ဝန်ကြီးချုပ်မန်နက်ရဲ့ တွေ့ဆုံမှုမှာလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ Win-Win ပေါ်လစီကတဆင့် နိုင်ငံရေးနဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ဖြေရှင်းရာမှာ သူ့ရဲ့ အတွေ့အကြုံကို မျှဝေဖို့ အခွင့်အရေးပေးနိုင်ခဲ့တယ်လို့ ဖီရာက ပြောပါတယ်။
ဒီချဉ်းကပ်မှုက မြန်မာ့အရေးကို ဖြေရှင်းရာမှာ အလုပ်ဖြစ်နိုင်ခြေများသလို မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို လိုက်နာဖို့ တွန်းအားပေးနိုင်ကြောင်းလည်း ဒါရိုက်တာ ကင်ဖီရာက ပြောပါတယ်။
“မြန်မာ့အရေးကိစ္စတွေကို ဖြေရှင်းရာမှာ ပါဝင်ပတ်သက်တဲ့သူတွေအားလုံး အထူးသဖြင့် အာဏာရထားတဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သံတမန်ရေးရာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ပါဝင် သူအားလုံးကို တိုက်တွန်းဖို့ အထူးသဖြင့် အာဆီယံ အထူးကိုယ်စားလှယ်က သံတမန်ရေးရာ ကြိုးပမ်းမှုတွေအတွက် တွန်းအားပေးသင့်တယ်လို့ ယုံကြည်ပါတယ်။”
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်အပြင် လာအိုဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနဲ့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် တို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်မှာ နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေး ကဏ္ဍနဲ့ ယဉ်ကျေးမှုကဏ္ဍတွေ မြှင့်တင်ရေးအပြင် ရွေးကောက်ပွဲနဲ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြပါတယ်။
Source: Phnompenh Post