Home
မြန်မာသတင်း
မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်း၌ လူကုန်ကူးခံရသူ သီရိလင်္ကာနိုင်ငံသား ၂၇ ဦး နေရပ်ပြန်
DVB
·
December 19, 2024
Photo-Lanka Business Online

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေထဲ ဖျားယောင်းသွေးဆောင် လူကုန် ကူးခံခဲ့ရတဲ့ သီရိလင်္ကာ နိုင်ငံသား ၂၇ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးလိုက်တဲ့ အကြောင်း Lanka Business Online သတင်းမှာ ဖော်ပြပါတယ်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ခုလိုကယ် တင်နိုင်ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဌာနခွဲ အကြီးတန်းအရာရှိတွေက နေရပ်ပြန်လည်ရောက်ရှိလာသူတွေကို ကိုလံဘိုမြို့က ဘန်ဒါရာနာခိုက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးနဲ့ ဘန်ကောက်သံရုံးတာဝန်ရှိသူတွေက သူတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က  လက်ခံခဲ့ပြီးနောက် ဘန်ကောက်ကို ခေါ်ဆောင်ကာ နေရပ်ပြန်ပို့ဖို့ စီစဉ်ခဲ့တာပါ။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကလည်း ကျားဖြန့်ရာဇဝတ်ဂိုဏ်းလက်ကနေ ကယ်ဆယ်ခံထားရသူတွေ နေရပ်ပြန်ပို့ရာမှာ ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေ ပေးအပ်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံတမန်တွေနဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ဖျားယောင်းသွေးဆောင်လူကုန်ကူးခံရတဲ့ သီရိလင်္ကာနိုင်ငံသားတွေ ပိုပြီးတော့ များလာတဲ့အကြောင်း ဒီမတိုင်ခင်ကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးတာတွေ ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းမှာ ခိုင်းစေခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ကာမဲလ် ဂူနာရက်တ်နေးက တိုက်တွန်း တောင်းဆိုထား ပါတယ်။

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဟာ ၄ ကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေး ပြင်ပမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့  ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့ မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: Lanka Business Online 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013