Home
နိုင်ငံတကာ
ကျားဖြန့်ဂိုဏ်း၏ လိမ်လည်ခံရပြီး အလိုမတူဘဲ ကတုံးတုံးခံရဟု  တရုတ်ဆယ်လီပြော  
DVB
·
January 9, 2025
Photo-Daily News

ထိုင်းနိုင်ငံကို ရုပ်ရှင်ရိုက်ဖို့ ရောက်လာတဲ့ တရုတ်ဆယ်လီသရုပ်ဆောင်မင်းသား ဝန်ဇင်း ခေါ် ဇင်းဇင်းဟာ မြန်မာဘက်ခြမ်း ကျားဖြန့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းမှာ အလုပ်လုပ်ဖို့ လိမ်လည် ခေါ်ယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူဟာ ၄ ရက်တာ ပျောက်ဆုံးနေပြီး  မြန်မာဘက်ခြမ်း မြဝတီမြို့နယ်မှာ ရောက်နေတာကို သိရတယ်၊ မြန်မာတာဝန်ရှိသူတွေက သူ့ကိုပြန်ခေါ်ပေးပြီး  ဇန်နဝါရီ ၇ ရက်ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေထံ ပြန်လွှဲပေးခဲ့တယ်၊ ထိုင်းအာဏာပိုင်တွေက သူ့ကို ဘန်ကောက် လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဂေဟာမှာ ခေါ်ထားပြီး စစ်ဆေးမေးမြန်းရာမှာ ကျားဖြန့်ဂိုဏ်းရဲ့ လိမ်လည်မှုကို ခံရတယ်လို့ သိရကြောင်း ထိုင်းနိုင်ငံလူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဌာန ညွှန်မှူး ရဲမှူးကြီး ထတ်ချိုင်း ပီတနစ်လာ့ဘူက သတင်းထောက်တွေကို ပြောပါတယ်။

ဇင်းဇင်း တရုတ်ပြည်မှာတုန်းက သူ့ဆီကို ထိုင်းနိုင်ငံ ဂရမ်မီအနုပညာထုတ်လုပ်ရေးအဖွဲ့ ကိုယ်စားလှယ်ဆိုသူက တရုတ်ဘာသာစကားနဲ့ ဆက်သွယ်လာခဲ့တယ်၊ ထိုင်းမှာရိုက်ကူးတဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်လာရိုက်ဖို့ ဖိတ်ခေါ်တယ်၊ တနေ့ကို ဘတ် ၁၂၀၀၀ ရမယ်လို့ ပြောတယ်၊  ဒါကြောင့် သူက သဘောတူပြီး ဇန်နဝါရီ ၃ ရက်နေ့က ဘန်ကောက်ကိုရောက်လာတယ်၊ အဲဒီကနေ ရုပ်ရှင်အဖွဲ့က ပို့ပေးတဲ့ လိပ်စာအတိုင်း ကားငှားပြီး သွားရောက်ခဲ့တယ်၊  တာ့ခ်ခရိုင် မဲဆောက်မြို့ မက်ခရို ကုန်တိုက်ရှေ့မှာဆင်းပြီး ဟိုင်းလပ်စ်ကားတစီးက သူ့ကိုလာကြိုတယ်၊ ကမ်းစပ်ကို ခေါ်သွားပြီး လှေနဲ့ကမ်းထပ်ကူးရတယ်၊ လှေပေါ်ရောက်တဲ့ထိ သူက ထိုင်းနိုင်ငံမှာပဲ ရှိနေတယ်လို့ ထင်ခဲ့တယ်၊ ဟိုဘက်ကမ်းရောက်တော့ လက်နက်ကိုင်အဖွဲ့က လာခေါ်ပြီး စီးပွားရေး ဇုန်ထံ ပို့ပေးတယ်၊ အဲဒါမှ နောက်တနိုင်ငံရောက်သွားပြီဆိုတာ သိလိုက်တယ်။ အဲဒီဇုန်ထဲမှာ တရုတ်နိုင်ငံသားတွေ အများကြီးရှိတယ်၊ လူ ၅၀ လောက်ရှိတဲ့အခန်းထဲမှာ အလုပ်လုပ်ရမယ်လို့ ပြောတယ်၊ အဲဒီထဲက လူတွေအကုန် ကတုံးတုံးရတယ်၊ သူလည်း ကတုံးမတုံးချင်ပေမဲ့ အသက်အန္တရာယ်ရှိမှာစိုးလို့ မလွန်ဆန်နိုင်ဘဲ တုံးရတယ်၊  ၂- ၃ ရက်လောက်မှာ ကွန်ပြူတာကနေ စာရိုက်လေ့ကျင့်ရတယ်၊ နှိပ်စက်ခံရတာတော့မရှိဘူး သူ့ရဲ့ဖုန်းတော့ အသိမ်းခံရတယ်လို့ ပြောပါတယ်။ 

ဇင်းဇင်းရဲ့ သတင်းတွေ ထွက်ပေါ်တဲ့နောက် ထိုင်းနိုင်ငံက Grammy အနုပညာထုတ်လုပ်ရေး ကုမ္ပဏီကလည်း သူတို့အနေနဲ့ ဇင်းဇင်းကို ဆက်သွယ်ခဲ့တာမရှိကြောင်း၊ သူ့ကိုရုပ်ရှင်ခေါ်ရိုက်ဖို့ အစီအစဉ်လည်းမရှိ၊ မသမာသူတွေက သူတို့ကုမ္ပဏီအမည်ကို အသုံးချပြီး လိမ်လည်သွားတာလို့ တရားဝင်စာ ထုတ်ပြန်ခဲ့ပါတယ်။

ဇင်းဇင်းရဲ့ ထွက်ဆိုချက်တွေ၊ ဖုန်းထဲက သက်သေခံအချက်အလက်တွေနဲ့ ကြောင်းကျိုးဆက်စပ်ပြီး သူဟာ မြဝတီဘက်ခြမ်း တရုတ်အွန်လိုင်းလိမ်လည်အဖွဲ့ရဲ့  လိမ်လည်မှုကို ခံရတာလို့  ရဲမှူးကြီး ထတ်ချိုင်းက ပြောသွားပါတယ်။

ဒါကြောင့် သူ့ကို အရေးယူဖို့မရှိဘဲ တရုတ်ပြည်ကို ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးမယ်၊ လောလော ဆယ် သူ့မိသားစုတွေလည်း ဘန်ကောက်မှာ လာကြိုနေကြပြီလို့ ဆိုပါတယ်။ 

မြဝတီဘက်ကမ်း စီးပွားရေးဇုန်မှာ စကင်မာ အွန်လိုင်းလိမ်လည်ဖို့ အလိမ်ခေါ်ခံရတဲ့ နိုင်ငံခြားသား တွေ များစွာကျန်ရှိနေသေးတယ်၊ ဒါပေမဲ့ ဘာကြောင့် ဇင်းဇင်းတယောက်တည်းကိုသာ ကယ်ထုတ် ခဲ့ရသလဲလို့ သတင်းထောက်တွေကမေးရာမှာ ရဲမှူးကြီးက ဇင်းဇင်းက ပျောက်ပျောက်ချင်း မိသားစုဝင်တွေက သက်ဆိုင်ရာကို အကြောင်းကြားတယ်၊ အကူအညီတောင်းတယ်၊ လိုအပ်တဲ့ အချက်အလက်တွေ အပြည့်အစုံပို့ပေးတယ်၊ ဒါ‌ကြောင့် အမြန်ဆုံးကယ်ထုတ်နိုင်ခဲ့တယ်၊ တခြား သူတွေကိုလည်း ဆက်လက်ကူညီဖို့ ကြိုးစားသွားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ 

တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က ဇင်းဇင်းပျောက်ဆုံးတဲ့အပေါ်မှာ တရုတ်လူမှုကွန်ရက်က ပုံကြီးချဲ့ပြီး ထိုင်းနိုင်ငံဟာ  လုံခြုံမှုမရှိဘူးလို့ ပြောဆိုနေကြတယ်၊ အဲဒါဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေတယ်၊ ဒါကြောင့် နိုင်ငံခြားသားတွေကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ဖို့  ညွှန်ကြားထားပါတယ်။

People’s Party က ထိုင်းလွှတ်တော်အမတ် ရန်းဆီမန်းရုန်းကတော့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် တဘက်ကမ်း မြဝတီခရိုင်ထဲမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း၊ ကာစီနိုလောင်းကစားရုံ၊ ကေတီ ဗွီကာရာအိုကေနဲ့ ဒုစရိုက်လုပ်ငန်းတွေ အနည်းဆုံး ၃၅ နေရာရှိတယ်၊ ရွှေကုက္ကိုလ်‌စီးပွားရေးဇုန်ဟာ အကြီးဆုံးဖြစ်ပြီး အကျယ်အဝန်းဧရိယာ ဧကပေါင်း ၅၀၀၀ ကျော်ရှိတယ်၊ အဲဒီမှာ လူပေါင်း ၁၀၀၀၀၀ ကျော်ဝင်ရောက်လုပ်ကိုင်နေတယ်။ ထိုင်း၊ မြန်မာ၊ တရုတ်တင်မကဘဲ တခြား အာဖရိက၊  ဥရောပ၊ အာရှတိုက်က လူတွေပါ လာလုပ်ကြတယ်။ မိမိဆန္ဒအလျောက်ရော လူကုန်ကူးခံရလို့ အဓမ္မခိုင်းစေခံရလို့  လုပ်နေရတာတွေရှိတယ်။ ခိုင်းတာမလုပ်ရင် အမျိုးမျိုးနှိပ်စက်ခံရတယ်၊ ဒီဟာကို သက်ဆိုင်ရာအစိုးရတွေလည်းသိနေပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ကြဘူး၊ ထိုင်းနိုင်ငံအနေနဲ့ ကြားခံအသုံးချနယ်မြေမဖြစ်ရအောင် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရမယ်လို့  သနေရှင်း သတင်းမှာ ပြောသွားပါတယ်။ 

Source: Daily News / The Nation / Thairath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013