Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ခရေပင် ဆေးဖက်ဝင်
DVB
·
January 22, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ခရေပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခရေပင်ကို သိပ္ပံလို Mimusops elengi လို့ခေါ်ပြီး အင်္ဂလိပ်လို Spanish Cherry လို့ ခေါ်ပါတယ်။

ခရေအရွက်မှာ sterol ၊ tannin ၊ အပွင့်မှာ D-Mannitol ၊ beta sitosterol နဲ့ D-glycoside အစေ့မှာ pentacyclic triterpene အက်ဆစ်နဲ့ mimusopic အက်ဆစ်များ၊ ပင်စည်အခေါက်မှာ spinasterol နဲ့ taraxerol ၊ အပင်မှာ saponin ၊ arabinose ၊ tannin ၊ ascorbic acid ၊ gallic acid ၊ pyrogallol ၊ resorcinol စတဲ့ အပင်ဓာတ်ပေါင်းများ ပါရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ခရေပင်ရဲ့ အခေါက်၊ အပွင့်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။

ခရေပွင့်ခြောက်အမှုန့် သို့မဟုတ် ခရေပွင့်လတ်ဆတ်သော ပြုတ်ရည်ကို ခေါင်းကိုက်ခြင်းနဲ့ ထိပ်ကပ်နာတို့မှာ နှာခေါင်းတွင်း  အစက်ချဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ခရေပင်အခေါက်ပြုတ်ရည်ကို သွားဖုံးရောင်ခြင်း၊ သွားများကျွတ်ခြင်း၊ ခံတွင်းအနာများ စတဲ့ သွားနှင့်ခံတွင်း ရောဂါများမှာ ငုံဆေး/ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ သွားဖုံးမှ သွေးထွက်ခြင်းနဲ့ သွားဖုံးရောင်ခြင်းတို့အတွက် အရွက် သို့မဟုတ် အသီးနုများကို ဝါးပေးနိုင်ပါတယ်။

ဝမ်းလျှောခြင်းနဲ့ အူလမ်းကြောင်း ကပ်ပါးပိုးများမှာ ပင်စည်အခေါက် အအေးစိမ်ရည် သို့မဟုတ် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့ မီးယပ်ဖြူဆင်းခြင်း ရောဂါများမှာ ပင်စည်အခေါက် အအေးစိမ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သကြား ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဖျားရောဂါအတွက် အခေါက်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့်  ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက် အခေါက် သို့မဟုတ် မမှည့်သေးတဲ့ အသီးများကို သွေးပြီး ဒဏ်ရာတဝိုက် လိမ်းပေးခြင်းက အဆိပ်၏ အာနိသင်ကို သက်သာစေပါတယ်။

နှလုံးကြွက်သားအားနည်းနေသူများအတွက် ခရေပွင့်ခြောက်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ဆီးသီးမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် နှလုံးကြွက်သားများ သန်မာစေပါတယ်။

ခရေပွင့် အအေးစိမ်ရည် သို့မဟုတ် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁ ကြိမ် သောက်ပေးခြင်းက ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး အထွေထွေကျန်းမာရေးကို တိုးတက်စေပါတယ်။

ဆီးချို ဆန့်ကျင် အာနိသင် ရှိတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ သွေးတွင်းသကြားပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး အခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းဖြစ်စေ ပြုတ်ရည်ကျကျ တခါသောက် ရေနွးကြမ်းပန်းကန်တဝက်ဖြစ်စေ တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရေပြားရောဂါများ အခေါက်အမှုန့်ကို ပျားရည်နဲ့ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။

ခရေပွင့်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းက အချို့သောသူများမှာ အပျော့စား မူးယစ်စေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ခရေပွင့်နဲ့ ဓာတ်မတည့်သူများ ခရေပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ခရေပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013