ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စွယ်တော်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
စွယ်တော်ပင်ကို သိပ္ပံလို Bauhinia acuminate လို့ခေါ်ပြီး အင်္ဂလိပ်လို white orchid tree,White bauhinia,Snowy orchid,White mountain ebony,Butterfly-tree,Hawaiian, orchid tree,Hong Kong orchid tree,Purple camel's foot,"cow's paw" , "cow's hoof" စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။
စွယ်တော်ပင်မှာ ပရိုတင်း၊ ကစီဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် C နဲ့ B စတဲ့ အာဟာရသတ္တုဓာတ်များအပါအဝင် Flavonoids, tannin, terpenoid, saponin, cardiac glycosides, quercetin, kaempferol, နဲ့ glucokinin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်တွင်း ခုခံအားစနစ်ကို တိုးမြှင့်စေခြင်း၊ သွေးတွင်းဟေမိုဂလိုဘင် ပါဝင်မှုကို တိုးမြင့်စေခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ ကင်ဆာ/အကျိတ်ကို ဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါ ထိန်းသိမ်းပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ဝမ်းလျှောခြင်းကို ဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ စွယ်တော်ပင်ရဲ့ အသီး၊ အရွက်၊ အခေါက်နဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။ စွယ်တော်ပင် အခေါက်ပြုတ်ရည် ပူပူနွေးနွေး သို့မဟုတ် အအေးကို ပလုတ်ကျင်းခြင်းဖြင့် ခံတွင်းရောဂါ၊ ခံတွင်းအနာနဲ့ ခံတွင်းနံ့ဆိုးများကို ပျောက်ကင်းစေပါတယ်။
နွမ်းနယ်ခြင်းအတွက် အသီးခြောက်မှုန့် ကော်ဖီ ၂ ဇွန်းကို တနေ့ ၃-၄ ကြိမ် ရေဖြင့် တိုက်ပေးနိုင်ပါတယ်။
အသည်းရောင်ရမ်းခြင်းအတွက် အမြစ်အခေါက် ပြုတ်ရည်ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို မနက် တကြိမ်၊ ည တကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးနည်းခြင်းအတွက် အသီးခြောက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ရေများများနဲ့ သောက်ပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါမှာ အရွက်ခြောက်မှုန့် ကော်ဖီ ၂ ဇွန်းနဲ့ စမုန်စပါးမှုန့် ကော်ဖီ ၂ ဇွန်း ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အစာမကြေခြင်းကြောင့် ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။
သန်ကောင်/တုတ်ကောင်ရောဂါများမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။
အစေ့ကို ရှာလကာရည်နဲ့ ကြိတ်ပြီး ဒဏ်ရာပေါ် လိမ်းပေးခြင်းက ပိုးမွှားများကို သေစေပြီး ထိခိုက်ရှနာများနဲ့ အနာများကို ကျက်စေပါတယ်။
အပင်အတွင်းပိုင်း အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို ချင်းမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းက အမျိုးသမီးများ ရာသီလာစဉ် ကိုက်ခဲနာကျင်မှုများကိုလည်း ပျောက်ကင်းစေပါတယ်။
တီဘီရောဂါအမျိုးမျိုးအတွက် အခေါက် ၁၀ ကျပ်သားကို ရေ ၁ ဖန်ခွက် ထည့်ပြီး ၃ ခွက် ၁ ခွက် ကျန်အောင်ပြုတ်ပါ။ တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ချင်းခြောက်မှုန့်ကော်ဖီ ၁ ဇွန်း၊ ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် တီဘီရောဂါကို သက်သာစေပါတယ်။
အစာမကြေရောဂါအတွက် အမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို နံနက်၊ ည ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
အစာအိမ်ရောင်ရမ်းခြင်းအတွက် အမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို စမုန်စပါးမှုန့် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
နာတာရှည် ဝမ်းချုပ်ခြင်းအတွက် အသီးယို ဟင်းစားဇွန်း ၁ ဇွန်း ဖြစ်စေ/ ပန်းပွင့်ခြောက်မှုန့် ကော်ဖီ ၂ ဇွန်း ဖြစ်စေ တနေ့ ၁ ကြိမ် မှ ၂ ကြိမ် အထိ သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
လိပ်ခေါင်းသွေးယိုခြင်းအတွက် အသီးခြောက်မှုန့် ကော်ဖီ ၂ ဇွန်းကို သကြားဆတူ၊ ထောပတ်အနည်းငယ်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
သပြေခေါက်နဲ့ စွယ်တော်ခေါက်ကို ပြုတ်ပြီး ထိခိုက်ဒဏ်ရာများနဲ့ အနာများကို ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အမြစ်ကိုဆီနဲ့ ချက်ပြီး အပူလောင်ခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အပင်မှာ ပိုးသတ်ဆေးနဲ့ အဖျားကျဆေးအာနိသင် ပါဝင်တာကြောင့် အဖျားရောဂါမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေး ပျောက်ကင်းအောင် ကူညီပေးပါတယ်။
အခေါက် သို့မဟုတ် ပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် ပျားရည်နဲ့ သောက်တာက သွေးကိုလည်း သန့်စင်စေပါတယ်။
စွယ်တော်ပင်မှာ အင်ဆူလင်နဲ့တူညီတဲ့ ဖွဲ့စည်းပုံပါ၀င်ပြီး သွေးတွင်းသကြားဓာတ် ဆန့်ကျင်ပစ္စည်းနဲ့ ဆီးချိုဆန့်ကျင်ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ဆီးချိုရောဂါဝေနာရှင်များ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို သွေးတွင်း သကြားဓာတ်ပမာဏ အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
စွယ်တော်ရွက်ဟာ ဇီဝဖြစ်ပျက်မှုနဲ့ အသည်းလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ အသားဝါခြင်းအတွက် အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။
အာသီးရောင်ခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို သံပရာရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းအတွက် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ချင်းမှုန့် ကော်ဖီ ဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အခေါက်မှာ ရောင်ရမ်းမှုဆန့်ကျင်ခြင်းနဲ့ ပိုးသတ်ဆေးအာနိသင်ရှိတာကြောင့် လည်ပင်းနဲ့ ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ အပါအဝင် အကျိတ်/အဖုနဲ့ကင်ဆာရောဂါများမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ အရွယ်အစားကို လျော့ပါးသက်သာစေပါတယ်။
ဝက်ခြံ၊ အနာ၊ အရေပြားအရောင်ပြောင်းခြင်း စတဲ့ အရေပြားပြဿနာများကို အခေါက်ကို သွေးလိမ်းခြင်းဖြင့် အကျိုးကျေးဇူးရှိပါတယ်။
ပင်စည်ဟာ အစာအိမ်နာကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်ရှိပြီး အက်စစ်ဓာတ်နဲ့ အစာခြေရည် ထုတ်လွှတ်မှုပမာဏကို လျော့နည်းစေတာကြောင့် အစာအိမ်နာရောဂါမှာ ပင်စည်သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ဆီးပူညောင်းကျရောဂါမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးသွားရာမှာ နာကျင်ခြင်းနဲ့ ဆီးလမ်းကြောင်းနဲ့ ဆက်စပ်တဲ့ အခြားရောဂါများအတွက် အရွက်ကို လက်ဖက်ခြောက်အဖြစ် အသုံးပြုပြီး ရေနွေးကြမ်းပြုလုပ်ကာ သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
ခန္ဓာကိုယ်နဲ့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းမှာ အရွက်/အခေါက် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပြီး ရောင်ရမ်းနာကျင်တဲ့နေရာမှာ အခေါက်သွေးရည်ကို လိမ်းပေးခြင်း အရွက်ကို ထုထောင်းပြီး အုံပေးထားခြင်းဖြင့် သက်သာစေပါတယ်။
အရွက်သတ္တုရည်ကို အုန်းဆီအနည်းငယ် ရောစပ်ပြီး ဦးရေပြားမှာ လိမ်းပေးခြင်းက ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို လျှော့ချပေးခြင်းဖြင့် ဦးရေပြားကျန်းမာရေးကို မြှင့်တင်ပေးကာ ဗောက်များကို လျော့ပါးစေခြင်းနဲ့ ဆံပင်မွေးညင်းပေါက်များကို အားကောင်းစေပြီး ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
စွယ်တော်ရွက်/အခေါက်တို့ကို ရေနွေးကြမ်းပြုလုပ်ပြီး ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဟော်မုန်းမညီမျှမှုကို ပြုပြင်ပေးပြီး မျိုးဥပုံမှန်မထွက်ခြင်းနဲ့ ရာသီမမှန်ခြင်းကို သက်သာစေတာကြောင့် မျိုးပွားမှုစနစ်တခုလုံးအတွက် အလွန်အကျိုးရှိပြီး အမျိုးသမီးများမှာ သားအိမ်အရည်ကြည်အိတ်/အလုံးအကျိတ်၊ သိုင်းရွိုက်ဟော်မုန်း အထွက်နည်းခြင်းနဲ့ သားအိမ်နံရံ ထူထဲခြင်း စတဲ့ ရောဂါအမျိုးမျိုးကို တားဆီးပေးပါတယ်။ သွေးအဆိပ်အတောက်များနဲ့ သွေးရည်ကြည်အဆင့်ကို ကျဆင်းစေပြီး သွေးသန့်စင်ခြင်းနဲ့ ဆီးရွှင်စေပြီး ကင်ဆာဆေးများကြောင့် ကျောက်ကပ် ထိခိုက်မှုများကို လျော့ပါးစေတဲ့အပြင် အာရုံကြော အားကောင်းစေကာ အဝလွန်သူတွေမှာ အဆီပိုတွေကို လျှော့ချပေးပါတယ်။ ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။
စွယ်တော်ပင်ကို အသင့်အတင့်သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ လေအောင့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အပင်ကို ကိုင်တွယ်ခြင်းက အရေပြားယားယံမှုကို ဖြစ်စေနိုင်ပါတယ်။ စွယ်တော်ပင်နဲ့ ဓာတ်မတည့်သူများ စွယ်တော်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ စွယ်တော်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။