Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဂေါ်ရခါးပင် ဆေးဖက်ဝင်
DVB
·
December 18, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဂေါ်ရခါးပင်ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ဂေါ်ရခါးပင်ကို သိပ္ပံလို Sechium edule လို့ခေါ်ပြီး အင်္ဂလိပ်လို Chayote ,Sicyos edulis, christophine, mirliton , choko လို့ ခေါ်ကြပါတယ်။

ဂေါ်ရခါးသီးမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သကြား၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင် B6၊ ဗီတာမင် B9 (ဖောလိတ်)၊ ဗီတာမင်K ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ Cobalamin ကိုဘာလာမင်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ phenolic acid, flavonoid, carotenoid, alkaloid, saponins and phytosterol, peroxidases, cucurbitane triterpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး လတ်ဆတ်တဲ့ ဂေါ်ရခါးရွက်မှာ Ash၊ Beta carotene (β-carotene), Calcium (Ca), Carbohydrate (CHO), Copper (Cu), Food Energy, Food Fiber, Iron (Fe), Ferrum, Niacin, C6H5NO2, Phosphorus (P) ပိုတက်ဆီယမ် (K), Kalium, ပရိုတင်း, Retinol (ဗီတာမင် A), Riboflavin (ဗီတာမင် B2), ဆိုဒီယမ် (Na), Natrium, Thiamin (ဗီတာမင် B1), ကာရိုတင်း (Re), ဗီတာမင် C, ရေ၊ ဇင့် (Zn) ပါဝင်ကာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အတက်ရောဂါ ဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ဂေါ်ရခါးပင်ရဲ့  အသီးနဲ့အရွက်တို့ကို သုံးစွဲကြပါတယ်။

ဂေါ်ရခါးပင်မှာ ပါဝင်တဲ့ antioxidants quercetin, myricetin, morin နဲ့ kaempferol အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်လို့ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ခန္ဓာကိုယ်အတွင်း ဓာတ်တိုးဖိစီးမှုကို လျှော့ချပေးတဲ့အပြင် myricetin က ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ ရောင်ရမ်းမှုကို ဟန့်တားပေးပါတယ်။

ဂေါ်ရခါးသီးကို စားသုံးခြင်းက သွေးတိုးခြင်း၊ ကိုလက်စထရော မြင့်မားခြင်းနဲ့ သွေးစီးဆင်းမှု အားနည်းခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ အကြောင်းရင်းများစွာကို တားဆီးပေးတဲ့အပြင် ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ဓာတ်ပေါင်းများက သွေးကြောများကို ပြေလျော့စေကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဂေါ်ရခါးပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Myricetin က ကိုလက်စထရောကို လျော့ကျစေပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့်လည်း များများစားပေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဂေါ်ရခါးသီးမှာ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် မြင့်မားတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဂေါ်ရခါးသီး/အရွက်မှာ ဖောလိတ်(ဗီတာမင် B9) ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆေင်မိခင်များ ဂေါ်ရခါးသီး/ရွက် စားသောက်ခြင်းက ကျန်းမာတဲ့ကိုယ်ဝန်ကို ပံ့ပိုးပေးပြီး လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို တားဆီးပေးပါတယ်။

အချို့ဂေါ်ရခါးဓာတ်ပေါင်းများက သားအိမ်ခေါင်းကင်ဆာနဲ့ သွေးကင်ဆာ စတဲ့ကင်ဆာဆဲလ် ကြီးထွားမှုကို နှေးကွေးစေနိုင်ပါတယ်။

ဂေါ်ရခါးရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝပြီး ဗီတာမင် C လည်း ပါဝင်တာကြောင့် ဂေါ်ရခါးရွက်ကို လုံလောက်စွာ စားသုံးခြင်းက အရေပြားရှိ အဓိကပရိုတင်းများထဲမှ ကော်လာဂျင် ထုတ်လုပ်ပေးတာကြောင့် အသားအရေကို တင်းရင်းနုပျိုစေပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို လျှော့ချပေးနိုင်တဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ်များ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

ဂေါ်ရခါးစားသောက်ခြင်းက အသည်းအတွင်း အဆီစုပုံခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အသည်းအဆီဖုံး ရောဂါကို ကာကွယ်နိုင်ပါတယ်။

ဂေါ်ရခါးသီးမှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များစွာပါဝင်လို့ အချိန်ကြာကြာ ဗိုက်ပြည့်နေစေတာကြောင့် မကြာခဏ စားသောက်လိုစိတ်နည်းပါးစေပြီး ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ကို ကူညီပေးနိုင်ပါတယ်။

ဂေါ်ရခါးသီးမှာ Flavonoid ကြွယ်ဝတာကြောင့် အစာခြေအင်ဇိုင်းများကို ကူညီပေးတဲ့အပြင် အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားများ ထိန်းသိမ်းမှုကို အားပေးတာကြောင့် ဂေါ်ရခါးသီးကို စားသုံးခြင်းက အစာခြေစနစ် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

ဝက်ရူးပြန်ရောဂါ/အတက်ရောဂါများမှာ ဂေါ်ရခါးရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် တက်ခြင်းကြာချိန်ကို လျော့ကျစေပါတယ်။

ဂေါ်ရခါးသီးဖျော်ရည် တနေ့ ၁ ဖန်ခွက် သောက်သုံးပေးတာက ဆီးရွှင်စေပြီး ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးကာ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်း/ကိုယ်ခန္ဓာရောင်ရမ်းခြင်းများမှာ ဂေါ်ရခါးသီး/ရွက် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။

ဂေါ်ရခါးသီးမှာ ဘက်တီးရီးယား/ဗိုင်းရပ်စ်နဲ့ မှိုသတ်ဆေးအာနိသင် ပါဝင်တာကြောင့် ဂေါ်ရခါးသီး/ရွက် စားသုံးခြင်းက ကူးစက်ရောဂါများကို တိုက်ဖျက်ပေးပါတယ်။

ဂေါ်ရခါးသီး/ရွက်တို့ကို ပုံမှန်စားသုံးပေးတာက အသည်းအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အစာအိမ်နာများကို ကုသပေးခြင်း၊ ဆေးဝါးများနဲ့ ဓာတုပစ္စည်းများ အဆိပ်အတောက်များကြောင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးကာ သွေးအားနည်းရောဂါ ဖြစ်ပွားခြင်းမှလည်း ဟန့်တားပေးပါတယ်။

ဂေါ်ရခါးရွက်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားလို့ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေတာကြောင့်  ဆီးချိုဝေဒနာရှင်များ အရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

လတ်ဆတ်တဲ့ ဂေါ်ရခါးရွက်မှာ အမျှင်ဓာတ်နဲ့ နိုင်ယာစင်ဓာတ် ကြွယ်ဝတာကြောင့် ဂေါ်ရခါးရွက် စားသောက်ခြင်းက မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးပြီး သွေးထဲမှာ ကောင်းတဲ့အဆီကို တိုးစေတာကြောင့် အဆီကြောင့်ဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေငန်းရောဂါတို့ကို လျှော့ချပေးပါတယ်။ ရေ၊ ပိုတက်စီယမ်နဲ့ ကြေးနီပါဝင်မှု များတာကြောင့်လည်း သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်နဲ့ riboflavin ပါဝင်မှု မြင့်မားခြင်းကြောင့် သွေးအားနည်းခြင်းကို တားဆီးကာကွယ်ပေးတဲ့အပြင် သွေးကြောများ ပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကြေးနီနဲ့ နိုင်ယာစင် ပါဝင်မှု အလွန်မြင့်မားတာကြောင့် နှလုံးသွေးကြောစနစ် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဂေါ်ရခါးသီး  အသင့်အတင့် စားသောက်ခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံစားသုံးတာက ဝမ်းပျက်ဝမ်းလျှောခြင်း၊ လေပွခြင်းနဲ့ ရင်ပြည့်ရင်ကယ်ခြင်း စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါတယ်။

အချို့ ဂေါ်ရခါးသီးနဲ့ ဓာတ်မတည့်သူများမှာ ယားယံခြင်း၊ အင်ပျဉ်ထခြင်းနဲ့ ရောင်ရမ်းခြင်းကဲ့သို့ လက္ခဏာများ ဖြစ်တတ်တာကြောင့် ဓာတ်မတည့်သူများ ဂေါ်ရခါးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဂေါ်ရခါးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024