ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပီလောပီနံပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပီလောပီနံပင်ကို သိပ္ပံလို Manihot esculenta လို့ခေါ်ပြီး အင်္ဂလိပ်လို cassava၊ manioc၊ နဲ့ yuca၊ လို့ ခေါ်ကြပါတယ်။
ပီလောပီနံဥမှာ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ဖိုင်ဘာ၊ ဗီတာမင် C၊ ဗီတာမင် A၊ ကာရိုတီးနွိုက်၊ ဖောလစ်အက်ဆစ်၊ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ် နဲ့ အရွက်မှာ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B1၊ ကစီဓာတ်၊ ပရိုတင်း၊ Amino Acids စတဲ့အာဟာရ သတ္တုဓာတ်များနဲ့ flavonoid၊ carotenoid၊ အစာခြေအင်ဇိုင်းများ ကောင်းမွန်စေရန် အထောက်အကူပြုခြင်း၊ ကိုယ်ခန္ဓာအလေးချိန်ကျစေခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ ကင်ဆာ/အဖုအကျိတ်ကာကွယ်ခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးခုန်းနှုန်းကို ထိန်းညှိပေးခြင်း၊ ခုခံအားကို တိုးမြှင့်စေခြင်း၊ ဦးနှောက်နဲ့ အာရုံကြော ပုံမှန် အလုပ်လုပ်စေခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။
ပီလောပီနံဥမှာ အမျှင်ဓာတ်များစွာ ပါဝင်လို့ အဆီစုပ်ယူမှုကို လျှော့ချပေးတာကြောင့် သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချပေးကာ နှလုံးဖောက်ခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ လေဖြတ်ရောဂါများကို ကာကွယ်နိုင်ပြီး ပီလောပီနံမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် ဆီးထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်များကို ဖယ်ရှားပေးပြီး သွေးကြောများကို ပြေလျော့စေတဲ့အပြင် သွေးတိုးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ပီလောပီနံဥမှာ ကာဗိုဟိုက်ဒရိတ် မြင့်မားတဲ့အတွက် စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပြီး လှုပ်ရှားမှုမြင့်မားတဲ့ အလုပ် လုပ်ကိုင်သူများအတွက် ကောင်းမွန်တဲ့ အစားအစာတခု ဖြစ်ပါတယ်။
ပီလောပီနံဥမှာ အမျှင်ဓာတ်နဲ့ ခံနိုင်ရည်ရှိတဲ့ ဓာတ်တွေ ပါဝင်တာကြောင့် သွေးတွင်းသို့ သကြားစုပ်ယူမှု အရှိန်ကို လျှော့ချပေးကာ ဂလူးကို့စ် ပမာဏကို ပိုမိုမျှတအောင် မြှင့်တင်ပေးပြီး ဆီးချိုရောဂါကို ထိန်းညှိပေးနိုင်ပါတယ်။
ပီလောပီနံဥမှာ ဗီတာမင် C ပါဝင်ပြီး ကော်လာဂျင်ထုတ်လုပ်မှုနဲ့ စုပ်ယူမှုကို မြှင့်တင်ပေးကာ အရေပြားနဲ့ ဆံပင်ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်တဲ့အပြင် လက်သည်းများကို သန်မာစေပါတယ်။
ပီလောပီနံဥမှာ ခံနိုင်ရည်ရှိတဲ့ ကစီဓာတ် အများအပြား ပါဝင်ပြီး အူလမ်းကြောင်းကို ဟန်ချက်ညီစေကာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်နာများကို တားဆီးပေးပါတယ်။
ပီလောပီနံဥမှာ ခံနိုင်ရည်ရှိတဲ့ ကစီဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာခြေချိန်ကို လျှော့ချပေးတာကြောင့် ပီလောပီနံစားခြင်းက ဗိုက်ဝနေစေပြီး မကြာခဏ စားသောက်လိုခြင်းကို လျော့နည်းစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးပါတယ်။
ဗီတာမင် C၊ flavonoid နဲ့ carotenoid များက ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ပိုလျှံနေတဲ့ ဓာတ်ကြွင်းပစ္စည်းများကို တိုက်ဖျက်ပေးကာ အစာအိမ် အူလမ်းကြောင်းနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
ပီလောပီနံရွက် စားသောက်ခြင်းက သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပြီး အရေပြားခြောက်သွေ့ခြင်းနဲ့ ကွဲအက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အရိုးကြီးထွားမှုကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့အပြင် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ပီလောပီနံရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ထန်းလျက်တခဲနဲ့ သောက်ပေးခြင်းက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ပီလောပီနံရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ကြိမ် သောက်ပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါများမှာ ပီလောပီနံရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဂျင်းမှုန့် ကော်ဖီဇွန်းဝက် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပီလောပီနံရွက်ရေနွေးကြမ်း ပုံမှန်သောက်သုံးခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းအဆိပ်အတောက်များ ကင်းစင်စေကာ သွေးတွင်းမကောင်းတဲ့အဆီကို လျှော့ချပေးပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေတဲ့အပြင် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ကာကွယ်ပေးပါတယ်။
ပီလောပီနံဥကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်း၊ အစိမ်းစားခြင်းတို့ကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပီလောပီနံဥမှာ cyanogenic glycoside ဓာတ်ပေါင်းပါဝင်ပြီး ဆိုင်ယာနိုက်အဆိပ်သင့်စေကာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာခြင်းနဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ မကုသဘဲထားပါက ဆိုင်ယာနိုက် အဆိပ်သင့်ခြင်းက လေဖြတ်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းနဲ့ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပီလောပီနံဥ စားသောက်ခြင်းဟာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုများ ဖြစ်စေနိုင်ပြီး ကလေးများမှာ ဗီတာမင်ချို့တဲ့ခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်း ပမာဏကို ကျဆင်းစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ပီလောပီနံဥ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ပီလောပီနံနဲ့ ဓာတ်မတည့်သူများ ပီလောပီနံပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ပီလောပီနံဥကို အချဉ်အရသာများနဲ့ ပူးတွဲစားသောက်ခြင်း၊ နီးကပ်စွာ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ပီလောပီနံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။