ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပင်စိမ်းပင်ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ပင်စိမ်းပင်ကို သိပ္ပံလို Ocimum basilicum လို့ခေါ်ပြီး အင်္ဂလိပ်လို Basil ခေါ်ပါတယ်။
ပင်စိမ်းမှာ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် K၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ ပိုတက်စီယမ်၊ ကာရိုတင်း၊ ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ eugenol, linalool, citronellol, cineole, flavonoid, polyphenol, lutein, zeaxanthin, beta-carotene, and beta-cryptoxanthin စတဲ့ ကျန်းမာရေးအကျိုးပြုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အစာခြေကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အိပ်ပျော်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ပင်စိမ်းပင်ရဲ့ အရွက်နဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။ ပင်စိမ်းပင်မှာ flavonoid၊ polyphenol နဲ့ ဗီတာမင် A နဲ့ ဗီတာမင် C စတဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ခန္ဓာကိုယ်တွင်း အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းများကို ချေဖျက်ပေးကာ ဆဲလ်များပျက်စီးမှုနဲ့ ကင်ဆာကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။
ပင်စိမ်းပင်မှာ ပါ၀င်တဲ့ eugenol၊ linalool နဲ့ citronellol ဓာတ်ပေါင်းများက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။
ပင်စိမ်းပင်မှာ ဗီတာမင် C၊ ဇင့်နဲ့ သံဓာတ်တို့လို ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကျန်းမာရေးကို ပံ့ပိုးပေးခြင်းဖြင့် ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ပင်စိမ်းပင်မှာ ဗီတာမင် K၊ မန်းဂနိစ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့တဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များသည် အရိုးကျန်းမာရေး၊ သွေးခဲခြင်းနဲ့ အလုံးစုံကျန်းမာရေးတို့ မြှင့်တင် ပေးပါတယ်။
ပင်စိမ်းပင်မှာ eugenol နဲ့ cineole ကဲ့သို့ ဓာတ်ပေါင်းများ ပါ၀င်ပြီး အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး ဝမ်းချုပ်ခြင်းကို လျှော့ချပေးကာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်မှုကို သက်သာစေကာ အာဟာရစုပ်ယူမှု ပိုကောင်းစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ပင်စိမ်းပင်မှာ eugenol နဲ့ linalool ကဲ့သို့ ဓာတ်ပေါင်းများ ပါ၀င်ပြီး ၎င်းတို့၏ စိတ်တည်ငြိမ်မှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အာနိသင်ကြောင့် ပင်စိမ်းကို အစားအစာ သို့မဟုတ် လက်ဖက်ခြောက် လုပ်ပြီး စားသုံးပေးတာက စိတ်ဖိစီးမှုကို လျော့ပါးစေပြီး အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
ပင်စိမ်းပင်မှာ eugenol ,limonene ဓာတ်တိုးဆန့်ကျင်ဓာတ်ပေါင်းများနဲ့ anthocyanin နဲ့ beta-carotene တို့ပါဝင်ပြီး ကင်ဆာ၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကို တိုးမြင့်စေတဲ့ ဓာတ်ကြွင်းပစ္စည်းများကို တိုက်ဖျက်ပေးပါတယ်။
ပင်စိမ်းမှာ ဘက်တီးရီးယားပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိများရှိပြီး အသက်ရှူလမ်းကြောင်း၊ ဆီး၊ ဝမ်းဗိုက်နဲ့ အရေပြားပိုးဝင်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
ပင်စိမ်းမှာ အဆုတ်ကြွက်သားဆဲလ်များကို ပြေလျော့စေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပြီး အအေးမိခြင်း၊ တုပ်ကွေးနဲ့ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းတို့ကို သက်သာစေပါတဲ့အပြင် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ရောဂါပိုးမွှား တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ ပါ၀င်တာကြောင့် အဆုတ်ပိုးဝင်ခြင်းကို သက်သာစေပြီး အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်များကို တိုက်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်။ ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ပင်စိမ်းသတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပင်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဓာတ်ပေါင်း ursolic acid ကြွယ်ဝပြီး အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးတဲ့အပြင် အစာချေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။
ပင်စိမ်းမှာပါဝင်တဲ့ ဂုဏ်သတ္တိများက၊ ဗိုက်အောင့်ခြင်းနဲ့ အစာအိမ် မအီမသာဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
ပင်စိမ်းမှာ eugenol ပါဝင်မှု မြင့်မားတာကြောင့် သွေးကြောများကို ပြေလျော့စေကာ သွေးတိုးရောဂါကို ကုသရာမှာလည်း ကူညီပေးတဲ့အပြင် ပင်စိမ်းမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ tannin၊ saponin နဲ့ flavonoid ဓာတ်ပေါင်းတွေက သွေးကြောများကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်များ ဖြစ်ပေါ်ခြင်းကို တားဆီးပေးပြီး သွေးတိုးရောဂါကို ကာကွယ် ထိန်းချုပ်ရာမှာ ကူညီပေးနိုင်ပါတယ်။
ပင်စိမ်းမှာ flavonoid နဲ့ tannin စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး မကောင်းတဲ့ သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်တာကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးကြောကျဉ်း ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
ပင်စိမ်းမှာ မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် ကြွက်သားတွေနဲ့ သွေးကြောတွေကို ပြေလျော့စေခြင်းဖြင့် သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေကာ သွေးဖိအားကို လျှော့ချပေးတာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ပင်စိမ်းမှာ ပိုးသတ်ဆေးနဲ့ ရောဂါပိုးမွှားတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများရှိပြီး ထိခိုက်ရှနာများမှာ ပင်စိမ်းသတ္တုရည်ကို အနာကျက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အရေပြားအနာများနဲ့ အင်းဆက်ပိုးမွှားကိုက်ခြင်းမှာလည်း လိမ်းပေးနိုင်ပါတယ်။
ပင်စိမ်းဟာ ဆာလောင်မှုကို ထိန်းညှိပေးပြီး အလွန်အကျွံစားခြင်းကို လျှော့ချပေးနိုင်ပါတာကြာင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ပင်စိမ်းကို လက်နဲ့ချေပြီး ရှူပေးခြင်း/နားထင်မှာ လိမ်းပေးခြင်းက ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ပင်စိမ်းပြုတ်ရည်ကို ခံတွင်းသန့်ဆေး၊ ပလုတ်ကျင်းတွေမှာ အသုံးပြုနိုင်ပြီး ကျိုင်းနာ၊ သွားဖုံးရောင်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ အာသီးရောင်ခြင်းတွေမှာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ပင်စိမ်းဟာ ပန်ကရိယအတွင်းရှိ အင်ဆူလင်ထုတ်လုပ်မှုကို နှိုးဆွပေးပြီး သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် ဆီးချိုရောဂါ၊ ဆီးချိုရောဂါ အကြိုရောဂါအတွက် ပင်စိမ်းကို အစားအစာမှာ ထည့်သွင်းစားသုံးပေးခြင်းက အကောင်းဆုံး ဓာတ်စာတခုဖြစ်ပါတယ်။
ပင်စိမ်းကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
သွေးခဲခြင်းကို နှေးကွေးစေပြီး သွေးထွက်ခြင်းကို တိုးစေနိုင်တာကြောင့် ခွဲစိတ်ခါနီး လူနာများ ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်အလိုကစပြီး ပင်စိမ်းကို ရှောင်ကြဉ်ပါ။ သွေးပေါင်ချိန် နည်းနေသူများ သွေးပေါင်ချိန် အလွန်နည်းသွားနိုင်တာကြောင့် စားသုံးခြင်း မပြုလုပ်ပါနဲ့။ သွေးတွင်း သကြားဓာတ်ပမာဏ ကျဆင်းနေသူများလည်း ပင်စိမ်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ပင်စိမ်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။