Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် လယ်ပဒူပင် ဆေးဖက်ဝင်
DVB
·
October 23, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် လယ်ပဒူပင် ဆေးဖက်ဝင်အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။ 

လယ်ပဒူပင်ကို သိပ္ပံလို Hygrophila Auriculata လို့ ခေါ်ပါတယ်။ လယ်ပဒူပင်မှာ ကစီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကြေးနီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊  ဘီတာကာရိုတင်း၊ ဗီတာမင် C ၊ Riboflavin၊ ဖောလစ်အက်ဆစ် စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများပါဝင်ပြီး ပိုးသတ်ဆေး/အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အကျိတ်အဖုကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အသည်းကို ကာကွယ်ခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ သွေးနီဥကို ထိန်းသိမ်းပေးခြင်း၊ ဆီးရွှင်စေခြင်း၊ ဓာတ်ကြွင်းပစ္စည်းများကြောင့် ဆဲလ်ပျက်စီးမှုကို ဟန့်တားခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ချွေးထုတ်ဆေးအာနိသင်ရှိခြင်း စတဲ့အာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ လယ်ပဒူပင် တပင်လုံးကို သုံးစွဲကြပါတယ်။

လယ်ပဒူပင်မှာ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ကြေးနီနဲ့ riboflavin ကြွယ်စွာပါဝင်လို့ လယ်ပဒူ စားသောက်ခြင်းက ကျန်းမာတဲ့ ဟေမိုဂလိုဘင်(သွေးနီဥ)အဆင့်ကို ထိန်းသိမ်းပေးခြင်းကြောင့် သွေးအားကောင်းစေပါတယ်။

လယ်ပဒူကို ပုံမှန် စားသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ လယ်ပဒူပင်မှာ ဆီးရွှင်စေတဲ့ အာနိသင်ရှိတာကြောင့် လယ်ပဒူ စားသောက်ခြင်းက ဆီးစီးဆင်းမှုကို ကောင်းစေပြီး ဆီးလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

လယ်ပဒူပင်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ရောင်ရမ်းမှု အခြေအနေတွေမှာ လယ်ပဒူပင်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်း ၁ ခွက် ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

လယ်ပဒူပင်မှာ အသည်းကို ကာကွယ်ပေးတဲ့ဂုဏ်သတ္တိပါဝင်လို့ အသည်းကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့အပြင် အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

လယ်ပဒူပင်ဟာ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေတဲ့ ဂုဏ်သတ္တိများရှိပြီး ဆီးချိုရောဂါဝေဒနာရှင်များ လယ်ပဒူကို စားသောက်ပေးတာက ဆီးချိုထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

လယ်ပဒူပင်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆဲလ်များကို ဓာတ်တိုးမှုဒဏ်မှ ကာကွယ်ပေးပြီး အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။။

လယ်ပဒူပင်ဟာ အစာချေဖျက်ခြင်းကို အထောက်အကူပေးပြီး အစာလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ရေဖျဉ်းစွဲရောဂါအတွက် လယ်ပဒူပင်ရဲ့ ပြာ ကော်ဖီ ၁ ဇွန်းကို နွားကျင်ငယ်ရေနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးကျောက်တည်ခြင်းအပါအဝင် ကျောက်ကပ်နဲ့  ဆီးလမ်းကြောင်းဆိုင်ရာရောဂါများမှာ လယ်ပဒူပြုတ်ရည် တခါသောက် ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆစ်ဖလစ်နဲ့ ဆီးပူညောင်းကျရောဂါအတွက် အစေ့ကို ရေမှာစိမ်ပြီး ရလာတဲ့ အရည်ကို တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသည်းရောင်ခြင်း၊ အသားဝါခြင်းနဲ့ အသည်းဖောက်ပြန်ခြင်း အမျိုးမျိုးအတွက်  အမြစ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဂေါက်ရောဂါနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းများမှာလည်း အမြစ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်း ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါအတွက် အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

လယ်ပဒူရွက် စားသောက်ခြင်းက  အစာခြေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လိင်ပိုင်းဆိုင်ရာအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့အတွက် အစေ့မှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ ညအိပ်ရာဝင်ချိန် သောက်ပေးနိုင်ပါတယ်။

လယ်ပဒူပင်ကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့  အလွန်အကျွံစားသုံးပါက မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုဆေးသောက်နေသူများ သတိထား သုံးစွဲသင့်ပါတယ်။ လယ်ပဒူနဲ့ ဓာတ်မတည့်သူများ လယ်ပဒူပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ  လယ်ပဒူပင်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး ရယူသုံးစွဲနိုင်ဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024