Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ရွှေဖရုံပင်
DVB
·
October 2, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ရွှေဖရုံပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရွှေဖရုံပင်ကို သိပ္ပံလို Cucurbita pepo လို့ခေါ်ပြီး အင်္ဂလိပ်လို Cucurbita, Pumpkin လို့ ခေါ်ကြပါတယ်။

ရွှေဖရုံပင်မှာ ပိုတက်စီယံ၊ ကြေးနီ၊ ပရိုတင်း၊ သတ္တုဓာတ်၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် A, B6, C, E, K,  ကာဗိုဟိုက်ဒရိတ်၊ အိုင်အိုဒင်း၊ သိုင်ယာမင်း၊ ဖော့စ်ပရပ်၊ ကယ်လစီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီစီယမ် စတဲ့ အာဟာရသတ္တုဓာတ်များအပြင် phenols alkaloid, flavonoid, tannin, sterol, phenol, glycoside, saponin နဲ့ terpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပါတယ်။

ရွှေဖရုံစေ့မှာ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ သံ၊ သွပ်၊ ဆိုဒီယမ်၊ မန်းဂနိစ်၊ ကြေးနီ စတဲ့ အာဟာရသတ္တုဓာတ်များအပြင် ကျန်းမာတဲ့အဆီနဲ့ အမျှင်ဓာတ်များ ပါဝင်ပြီး အမျိုးသားမျိုးပွားမှုကို မြှင့်တင်ပေးခြင်း၊ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း၊ ဆီးအိမ်နဲ့ ဆီးကျိတ် ကျန်းမာရေးကို ပံ့ပိုးပေးနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်းတို့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကျန်းမာတဲ့အိပ်စက်ခြင်းကို ပံ့ပိုးပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ရွှေဖရုံသီးဟာ ဗီတာမင်နဲ့ အာဟာရသတ္တုဓာတ်တွေကို ဖြည့်ပေးတဲ့ အာဟာရအရင်းအမြစ် ဖြစ်ပါတယ်။ ဗီတာမင်အေ ပါဝင်တာကြောင့် အမြင်အာရုံကောင်းမွန်မှုနဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းပေးတဲ့အပြင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ရွှေဖရုံသီး စားသောက်ခြင်းက အထွေထွေကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ရွှေဖရုံသီးများဟာ ခန္ဓာကိုယ်မှ ကာရိုတင်းနွိုက်ကို ဗီတာမင်အေ အဖြစ်သို့ ပြောင်းလဲပေးတဲ့ ဘီတာကာရိုတင်း ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာတဲ့ အမြင်အာရုံကို ထိန်းသိမ်းပေးကာ ညဘက် မျက်စိကွယ်ခြင်း (ကြက်မျက်သင့်ရောဂါ) မှ ကာကွယ်ပေးပြီး အမြင်အာရုံဆုံးရှုံးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ရွှေဖရုံသီးမှာ ဗီတာမင် စီ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ဗီတာမင်စီ လုံလောက်အောင် စားသုံးခြင်းက သွေးဖြူဥများနဲ့ ပဋိပစ္စည်းများ ထုတ်လုပ်ရာမှာ ကူညီပေးပြီး ရောဂါပိုးများနဲ့ ဖျားနာမှုများကို ကာကွယ်ပေးပါတယ်။ အစားအစာတွေမှာ ရွှေဖရုံသီး ပါဝင်ခြင်းက ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

ရွှေဖရုံသီးမှာပါတဲ့ အမျှင်ဓာတ်က ပြည့်ဝတဲ့ခံစားချက်ကို မြှင့်တင်ပေးကာ ကယ်လိုရီ စားသုံးမှုကို လျှော့ချပေးပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီပေးတဲ့အပြင် အစာခြေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်က ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။

ရွှေဖရုံသီးမှာ သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါတဲ့ ပိုတက်စီယမ် ပါဝင်လို့ အစားအစာတွေမှာ ရွှေဖရုံသီး ထည့်စားတာက သွေးတိုးခြင်းကို လျှော့ချနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်တဲ့ အစားအစာတခုလည်း ဖြစ်ပါတယ်။

ရွှေဖရုံသီးမှာ beta-carotene, ဗီတာမင် စီ နဲ့ ဗီတာမင် အီး အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ရွှေဖရုံသီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်လို့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အချို့ ကင်ဆာ အမျိုးအစားများနဲ့  နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ရွှေဖရုံစေ့မှာ စိတ်ခံစားချက်နဲ့ အိပ်စက်ခြင်းကို ထိန်းညှိပေးတဲ့ serotonin ထုတ်လုပ်ပေးတဲ့ tryptophan (အမိုင်နိုအက်စစ်) ဓာတ် ပါဝင်တာကြောင့် ရွှေဖရုံစေ့ စားသောက်တာက အိပ်စက်ခြင်း အရည်အသွေးနဲ့ စိတ်ကို ကြည်လင်စေပါတယ်။

ဖရုံသီးမှာ ကယ်လ်စီယမ်ကို ထိန်းညှိရာမှာ ကူညီပေးတဲ့ ဗီတာမင် ကေ ကြွယ်ဝတာကြောင့် အရိုးနဲ့ သွား ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။

ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူများ ရွှေဖရုံသီးကို စားသောက်နိုင်ပါတယ်။

ဖရုံသီးမှာပါတဲ့ ဗီတာမင် စီ နဲ့ အီး အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျန်းမာပြီး တောက်ပတဲ့ အသားအရေကို ရရှိစေတဲ့အပြင် ရွှေဖရုံသီးဟာ ကော်လာဂျင်ကို မြှင့်တင်ပေးတဲ့ အာဟာရအရင်းအမြစ်တခု ဖြစ်တာကြောင့် ရွှေဖရုံသီး စားသုံးပေးတာက ကော်လာဂျင် ထုတ်လုပ်မှုကို ပံ့ပိုးပေးပြီး အသားအရေကို ကောင်းမွန်စေပါတယ်။

ဖရုံစေ့မှာ ဗီတာမင် အီး နဲ့ ကာရိုတီးနွိုက်တွေ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျှော့ချရာမှာ ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးကာ ရောဂါများမှ ကာကွယ်မှုပေးပါတယ်။

ရွှေဖရုံစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်က သွေးဖိအားကို လျှော့ချပေးပြီး မကောင်းတဲ့ သွေးတွင်းအဆီနဲ့ triglyceride တွေကို လျှော့ချပေးခြင်းနဲ့ ရွှေဖရုံစေ့မှာပါတဲ့ အမျှင်ဓာတ်က ကိုလက်စထရောအဆင့်ကို လျော့ကျစေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဖရုံစေ့ဟာ နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး နှလုံးရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။

ဖရုံစေ့မှာ မဂ္ဂနီဆီယမ် ကြွယ်ဝတာကြောင့် ဆီးချိုရောဂါရှိသူများ ရွှေဖရုံစေ့ စားသောက်ခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးတဲ့အပြင် အရိုးကြီးထွားမှုနဲ့ အရိုးကြံ့ခိုင်မှုအတွက် ကောင်းမွန်ပြီး အရိုးကျိုးခြင်းနဲ့ အရိုးပွရောဂါ အန္တရာယ်များကို လျော့ပါးအောင် ကူညီပေးပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများမှာ အရိုးပွရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ဖရုံစေ့မှာ ဗီတာမင် အီး နဲ့ ဇင့် ပါဝင်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး ဟာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ကျန်းမာတဲ့ဆဲလ်များကို မပျက်စီးစေဖို့ ဖရီးရယ်ဒီကယ်များကို တားဆီးပေးပါတယ်။ ဇင့်က ရောင်ရမ်းမှု၊ ဓာတ်မတည့်မှုနဲ့ ရောဂါပိုးမွှားများကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်။

ရွှေဖရုံစေ့မှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုးဆန့်ကျင် ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

ရွှေဖရုံစေ့မှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အစားအစာစားသုံးမှုကို လျှော့ချပေးကာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးပါတယ်။

ရွှေဖရုံစေ့မှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ရွှေဖရုံစေ့ကို လုံလုံလောက်လောက် စားသုံးတာက အစာအိမ်၊ ရင်သားနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ရွှေဖရုံစေ့မှာပါတဲ့ Carotenoid အပြင် ဇင့်ဓာတ်ကြွယ်ဝတာကြောင့်  ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးတဲ့အပြင် အမျိုးသားများမှာTestosterone အဆင့်နဲ့ သုတ်ပိုးများရဲ့ အရည်အသွေးနဲ့ ပမာဏကို တိုးစေပြီး မျိုးပွားမှုကို တိုးတက်စေပါတယ်။ အမျိုးသမီးများမှာ ရာသီအောင့်ခြင်းလက္ခဏာများကို သက်သာစေတဲ့အပြင် အိုမင်းရင့်ရော်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ရွှေဖရုံစေ့ကို စားသုံးပေးခြင်းဖြင့် ဆံသားကို သန်စွမ်းစေပြီး ဆံကေသာကို တောက်ပြောင်စေပါတယ်။

ဖရုံစေ့က အသားအရေကို နူးညံ့စေပြီး အရေးအကြောင်းများ ကင်းစေတဲ့အပြင် ရောဂါပိုးမွှားများကို တားဆီးပေးပြီး ဝက်ခြံကိုလည်း ကင်းစင်စေပါတယ်။

ဖရုံစေ့အစိမ်းမှာ အပင်အခြေခံ အိုမီဂါ-၃ ပါဝင်ပြီး နှလုံးရောဂါဖြစ်စေနိုင်တဲ့ သွေးတွင်း မ‌ေကာင်းတဲ့ အဆီများနဲ့ triglyceride ပမာဏကို လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

ရွှေဖရုံစေ့ကို ကလေးတွေရဲ့ အစားအသောက်များမှာ ထည့်သွင်းပေးခြင်းက သွေးခဲခြင်းနဲ့ အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင် ကေ အပါအဝင် ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကျန်းမာတဲ့ အဆီနဲ့ ဗီတာမင်များ စတဲ့ မရှိမဖြစ် အာဟာရသတ္တုဓာတ်များ ပါဝင်တာကြောင့် ကလေးငယ်များ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးပါတယ်။

ရွှေဖရုံရွက်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝပြီး ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးပါတယ်။ ကိုလက်စထရောနည်းတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် နှလုံးခုန်မမှန်တာကို ကာကွယ်ပေးပါတယ်။

ရွှေဖရုံရွက်မှာ ပါဝင်တဲ့ ဗီတာမင် B6 က အဆစ်အမြစ် ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ ကြွက်သားနဲ့ အဆစ်တွေ ကိုက်ခဲတာကို သက်သာစေပါတယ်။ အရွက်မှာ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ် ပမာဏ မြင့်မားပါတာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးအဆစ်များ တောင့်တင်းနာကျင်ခြင်းမှ ကင်းဝေးစေပါတယ်။

ရွှေဖရုံရွက်မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းကိုက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ဓာတ်ကျခြင်း စတဲ့ အခြေအနေတွေကို လျှော့ချပေးနိုင်ပါတယ်။

ရွှေဖရုံရွက်မှာ ဗီတာမင် ဒီ၊ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်တို့ ပါဝင်တာကြောင့် သွားဖုံးနဲ့ သွားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး အရိုးများကို သန်မာအောင် ကူညီပေးပါတယ်။

ရွှေဖရုံရွက်က အူသိမ်အူမ လှုပ်ရှားမှုကို ကျန်းမာစေပြီး အူမကြီးအတွင်း ကင်ဆာအကျိတ် ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။

ရွှေဖရုံရွက်မှာ သံဓာတ်ကြွယ်ဝပြီး ဆဲလ်များ၊ တစ်ရှူးများနဲ့ ကိုယ်တွင်းအင်္ဂါများအတွင်း အောက်ဆီဂျင်စီးဆင်းမှုကို ပိုမိုကောင်းမွန်စေကာ ကိုယ်တွင်း ခုခံအားစနစ်ကို အားကောင်းစေပါတယ်။

ရွှေဖရုံပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ရွှေဖရုံစေ့ကို အလွန်အကျွံ စားသုံးတာက ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ရွှေဖရုံသီးနဲ့ ဓာတ်မတည့်သူများ ရွှေဖရုံပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ ရွှေဖရုံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024