Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ခံတက်(ကတက်)ပင် ဆေးဖက်ဝင်
DVB
·
September 18, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ခံတက်(ကတက်)ပင် ဆေးဖက်ဝင်အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခံတက်(ကတက်)ပင်ကို သိပ္ပံလို Crateva religiosa လို့ခေါ်ပြီး အင်္ဂလိပ်လို garlic pear, temple plant လို့ ခေါ်ကြပါတယ်။

ခံတက်(ကတက်)ရွက်မှာ ဗီတာမင်စီ၊ သံဓာတ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ Alkaloid, Glycoside, Saponin, Terpenoid, Phenol နဲ့ Volatile Oils စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ခံအားကို မြင့်တက်စေခြင်း၊ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးရောဂါဝေဒနာများကို လျှော့ချပေးခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အမျိုးသမီး ရာသီစက်ဝန်း ကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အစာခြေကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးခြင်း၊ အဖျားအနာနဲ့ အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာများကို ကုသပေးခြင်း၊ ပိုသတ်ဆေးအာနိသင်နဲ့ အနာကျက်ဆေး အာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။ ဆေးဖက်ဆိုင်ရာမှာ ကတက်ပင်ရဲ့ အခေါက်၊ အမြစ်၊ အရွက်တို့ကို သုံးစွဲကြပါတယ်။

ခံတက်(ကတက်)ရွက်မှာ ပါဝင်တဲ့ ဗီတာမင် C ပမာဏဟာ ခန္ဓာကိုယ်ကို ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ရောဂါပိုးမွှားတွေကနေ ကာကွယ်ပေးပြီး အရိုးနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ခံတက်(ကတက်)ရွက်ကို ပုံမှန်စားသုံးခြင်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနဲ့ ရောဂါပိုးကူးစက်မှုတို့မှ ခုခံကာကွယ်ပေးတဲ့အပြင် ဒဏ်ရာများ ပြုပြင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ခံတက်(ကတက်)ရွက်မှာပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ကူညီပေးပြီး ခံတက်(ကတက်)ရွက်ကို ပုံမှန်စားသုံးပေးခြင်းက သံဓာတ်ချို့တဲ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ခံတက်(ကတက်)ရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ပျော်ဝင်နိုင်တဲ့ prebiotic အမျှင်ဓာတ်က ဆာလောင်မှုဆိုင်ရာ ဟော်မုန်းများကိုပိတ်ကာ ပြည့်ဝမှုကိုပေးတဲ့ ဟော်မုန်းများကို တိုးလာစေတာကြောင့် ခံတက်(ကတက်)ရွက် စားသောက်ခြင်းက ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

ခံတက်(ကတက်)ရွက်မှာ မဂ္ဂနိစ်ပမာဏ များစွာပါ၀င်ပြီး အရိုးပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး အရိုးများကို သန်မာစေကာ ကျောရိုးသတ္တုသိပ်သည်းဆကို မြှင့်တင်ရာမှာလည်း ကူညီပေးပါတယ်။ မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးများမှာ မဂ္ဂနိစ်ဓာတ် ချို့တဲ့ခြင်းကြောင့် အသေးစား အရိုးကျိုးခြင်းနဲ့ အရိုးပွခြင်းတို့ကို လျှော့ချပေးပါတယ်။

ခံတက်(ကတက်)ရွက်မှာ ပါဝင်တဲ့ ဖော့စဖရပ်စ်က ကျောက်ကပ်စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး ကျောက်ကပ်ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့အပြင် ကိုယ်တွင်းရည်များ ကျန်းမာမျှတမှုကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက် ကင်းစင်အောင် ကူညီပေးပါတယ်။

ခံတက်(ကတက်)ရွက်မှာ ပိုတက်စီယမ် ကြွယ်ဝတာကြောင့် ပုံမှန်စားသုံးခြင်းက နားကျန်းမာရေးကို အကျိုးပြုတဲ့အပြင် လေဖြတ်ခြင်းနဲ့ နှလုံးရောဂါများ ဖြစ်ပွားနိုင်ခြေကို နည်းပါးစေပါတယ်။

ခံတက်(ကတက်)ရွက်ကို ပုံမှန်စားသုံးခြင်းက လိုအပ်တဲ့ ကြေးနီပမာဏကို ရရှိစေပြီး သင့်လျော်တဲ့ ပုံမှန်ကြီးထွားမှုနဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး အရိုး၊ အာရုံကြောနဲ့ နှလုံးသွေးကြောစနစ်များကိုလည်း ကာကွယ်ပေးပါတယ်။

ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်တည်ခြင်းတို့မှာ ခံတက်(ကတက်)ခေါက်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို အုန်းရေနဲ့ တနေ့  ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခံတက်(ကတက်) ပင်စည်အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည်အနည်းငယ်နဲ့ စားသောက်ပေးတာက အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။

ခြေထောက်ရောင်ရမ်းခြင်းနဲ့ ခြေဖဝါးပူလောင်ခြင်းများမှာ အရွက်ကိုထုထောင်းပြီး အုံထားပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ အရွက်သတ္တုရည်ကို ရှာလကာရည် အနည်းငယ်နဲ့ အရေပြားမှာ လိမ်းပေးခြင်းက နေလောင်ဒဏ်ကို ကာကွယ်ပြီး အရေးအကြောင်းများကို သက်သာစေပါတယ်။

အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းများမှာ အခေါက်/အမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဆီးအိမ်ကြွက်သားများ သန်မာအောင် ကူညီပေးပြီး ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးသွားခက်ခဲခြင်း ဝေဒနာကိုလည်း သက်သာစေပါတယ်။

အပင်ရဲ့အခေါက်ဟာ အင်ဆူလင် အပိုထုတ်လွှတ်မှုကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ် ပမာဏကို လျှော့ချပေးတာကြောင့် ဆီးချိုရောဂါမှာ အခေါက်မှုန့် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သစ်သီး၊ အရွက်နဲ့ အခေါက်တို့ရဲ့ သတ္တုရည်ကို ရောဂါပိုးဝင်တဲ့ ဒဏ်ရာများနဲ့ ပြတ်ရှဒဏ်ရာများမှာ လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

ပန်းနာရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ အခေါက်မှုန့်ကို ပဒဲကောမှုန့်နဲ့ ဆတူစပ်ပြီး တခါသောက် ကော်ဖီဇွန်း ၂ ဇွန်းကို ပျားရည်ကော်ဖီ တဇွန်းထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပွေး၊ ဝဲ၊ နှင်းခူနဲ့ အရေပြားယာယံနာများမှာ အရွက်သတ္တုရည်ဖြစ်စေ အခေါက်သွေးရည်ကို ဖြစ်စေ အုန်းဆီအနည်းငယ်နဲ့ ရောစပ်ပြီး အပူပေးကာ နွေးနွေး လိမ်းပေးနိုင်ပါတယ်။ အအေးမိ နှာ‌စေးခြင်းအတွက် အရွက်ပြုတ်ရည်အငွေ့ကို ရှူပေးနိုင်ပါတယ်။

အဖျားရောဂါများမှာ အခေါက်မှုန့်/အခေါက်ပြုတ်ရည်တို့ကို ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး ချွေးထုတ်ဆေးအဖြစ် သောက်သုံးပေးနိုင်ပါတယ်။

အမျိုးသမီးများ မီးယပ်ထိန်၊ ကျန်၊ ငုပ်ခြင်း၊ ဓမ္မတာမမှန်ခြင်းနဲ့ ဓမ္မတာလာစဥ် ကိုက်ခဲခြင်းများမှာ ခံတက်(ကတက်)ရွက်/ခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်း(ဂျင်း)မှုန့် ကော်ဖီဇွန်းဝက်၊ ထန်းလျက် တခဲလောက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခံတက်(ကတက်)ရွက်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကဲ စားသောက်ခြင်းက အမြင်မှုန်ဝါးခြင်း၊ ပျို့အန်ခြင်းနဲ့ အိပ်ငိုက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အခေါက်မှာ သန္ဓေတားဆေးအာနိသင် ပါဝင်တာကြောင့် ကိုယ်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ ခံတက်(ကတက်)သီးအခွံမှာ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အာနိသင် ပါဝင်တာကြောင့် အထူးသတိထား ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ ခံတက်(ကတက်)ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024