Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ခရမ်းကစော့ပင် ဆေးဖက်ဝင်
DVB
·
August 28, 2024

ဒီတပတ်မှာတော့ နွေဦးပြည်သူတို့အတွက် ခရမ်းကစော့ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခရမ်းကစော့ပင်ကို သိပ္ပံလို Solanum nigrum လို့ခေါ်ပြီး အင်္ဂလိပ်လို Black nightshade, Makoi လို့ ခေါ်ပါတယ်။

ခရမ်းကစော့ပင်မှာ ဗီတာမင် A, ဗီတာမင် C, သံဓာတ်၊ calcium, copper, thiamine၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့အပြင် steroidal saponin, steroidal alkaloid, flavonoid, coumarin, lignin, organic acid, volatile oil, polysaccharide, glycoalkaloid, glycoprotein နဲ့ polysaccharide, gallic acid, catechin, protocatechuic acid, caffeic acid, epicatechin, rutin နဲ့ naringenin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး အစာစားချင်စိတ်ကို ဖြစ်စေခြင်း၊ အစာချေဖျက်ခြင်းကို ကူညီပေးခြင်း၊ အစာအိမ်နာကို ပျောက်ကင်းစေခြင်း၊ လည်ချောင်းနာကို သက်သာစေခြင်း၊ သဘာဝဝမ်းနုတ်ဆေး အာနိသင်ရှိခြင်း၊ အသားဝါခြင်းကို ကာကွယ်ပေးခြင်း၊ အဖျားပျောက်ဆေး အာနိသင် ရှိခြင်း၊ ကောင်းမွန်စွာ အိပ်ပျော်စေခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးခြင်း စတဲ့အစွမ်းသတ္တိများ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ခရမ်းကစော့အသီးနဲ့ အရွက်တို့ကို သုံးစွဲကြပါတယ်။ ခရမ်းကစော့သီးကို ချက်ပြုတ်/တို့မြှုပ် စားသောက်ပေးတာက အစာစားချင်စိတ် ဆုံးရှုံးခြင်းနဲ့ အစာမကြေခြင်းတို့ကို သက်သာစေပါတယ်။

ခရမ်းကစော့အစေ့ကို ဇီယာစေ့၊ ငရုတ်ကောင်းမှုန့်တို့နဲ့ ဟင်းချိုချက်ပြီး သောက်ပေးခြင်းက အအေးမိခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။

ခရမ်းကစော့သီးဟာ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ရှိပြီး ခန္ဓာကိုယ်အတွင်းရှိ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား သေးငယ်တဲ့ ဇီဝသက်ရှိများကို တိုက်ထုတ်ပြီး ခန္ဓာကိုယ်ရှိ ခုခံအားတုံ့ပြန်မှုကို တိုးမြှင့်စေပါတယ်။ အစားအစာမှာ ထည့်သွင်းစားသောက်ပေးခြင်းဖြင့် သရက်ရွက်၊ အသည်းကို ခွန်အားဖြစ်စေပါတယ်။ အသားဝါခြင်းအတွက် အကောင်းဆုံး ကြိုတင်ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။

ခရမ်းကစော့သီးကို ပုံမှန်စားသုံးပေးခြင်းက ခံတွင်းအနာကို သက်သာစေပြီး အစာအိမ်အနာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

ခရမ်းကစော့များသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး သဘာဝဝမ်းနုတ်ဆေး အာနိသင် ရှိတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

ခရမ်းကစော့သီးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရများကို ဖြည့်ဆည်းပေးတဲ့အပြင် အစားအသောက်ထဲမှာ နေ့စဉ် ရောနှောစားသောက်ခြင်းဖြင့် အစာကြေလွယ်စေပါတယ်။

ခရမ်းကစော့မှာ ဖော့စဖရပ်စ်၊ ဗီတာမင် A, C နဲ့ ဗီတာမင် B, သံ၊ ကယ်လ်စီယမ်နဲ့ အခြားသော အာဟာရဓာတ်များ ပါဝင်တာကြောင့် ခန္ဓာကိုယ်အပူဒဏ် ခံစားနေရသူများ ခရမ်းကစော့ရွက်ကို ချက်ပြုတ်စားသုံးတာက ခန္ဓာကိုယ် အပူဒဏ်ကို သက်သာစေပြီး အရေပြား ဓာတ်မတည့်ခြင်းကိုလည်း အကောင်းဆုံး ကုစားနိုင်ပါတယ်။

ခရမ်းကစော့ရွက်ပြုတ်ရည်က ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းနဲ့ ဖျားနာတို့ကို ပျောက်ကင်းစေပါသည်။

ခရမ်းကစော့ရွက်ဟာ ကျောက်ကပ်လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးတဲ့ အကောင်းဆုံး ဆေးဖက်ဝင်အပင်ဖြစ်ပြီး ကျောက်ကပ်မှ ဆီးစစ်ထုတ်ပေးရာမှာ ကူညီပေးပါတယ်။ ဆီးရောဂါဝေဒနာရှင်များ ခရမ်းကစော့ရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက် တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်း၊ အပူနာဖြစ်ခြင်းများကို ဖြစ်တဲ့နေရာကို အရွက်သတ္တုရည် လိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

ခရမ်းကစော့အသီး အစေ့ကို အရိပ်မှာ အခြောက်ခံကာ အမှုန့်ပြုပြီး ကော်ဖီတဇွန်းခန့် နို့နဲ့ရောကာ ညဘက်မှာ စားသုံးခြင်းက ကောင်းမွန်စွာ အိပ်ပျော်စေကာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကိုလည်း သက်သာစေပါတယ်။

တီဘီရောဂါဝေဒနာရှင်များနဲ့ ဆီးချိုဝေဒနာရှင်များ နေ့စဥ် စားသုံးတဲ့ အစားအစာမှာ ခရမ်းကစော့အစေ့ကို ရောနှောထည့်သွင်း စားသောက်ခြင်းက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို ရရှိစေပါတယ်။

ရောင်ရမ်းခြင်း၊ ထိခိုက်ရှနာများနဲ့ ရေယုန်ပေါက်ခြင်းအတွက် အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

မျက်မြှေးရောင်ခြင်းနဲ့ မျက်စိယားယံခြင်းများမှာ အရွက်ကို ဂျုံ သို့မဟုတ် ထောပတ်သုတ်ပြီး မျက်လုံးကို အုပ်ထားပေးနိုင်ပါတယ်။

ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအတွက် အရွက်သတ္တုရည်ကို နှမ်းဆီနဲ့ရောစပ်ပြီး  ဦးရေပြားမှာ လိမ်းပေးနိုင်ပါတယ်။

အင်ပျဉ်အကွက်များမှာ အရွက်သတ္တုရည်ကို ချင်း(ဂျင်း)နဲ့ရောနယ်ပြီး လိမ်းပေးနိုင်ပါတယ်။

ချောင်းဆိုးခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါအတွက် လတ်ဆတ်တဲ့အရွက်နဲ့ သစ်သီးများ ပြုတ်ရည်ကို ဟင်းစားဇွန်းတဇွန်းကို ပျားရည် ကော်ဖီတဇွန်း၊ ပဒဲကောသွေးရည် ကော်ဖီတဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသည်းနဲ့ သရက်ရွက်ကြီးခြင်းတို့အတွက် အရွက်နဲ့ အသီးများပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အပင်ပြုတ်ရည်ကို ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းနာခြင်း၊ သွားဖုံးရောင်ခြင်း တို့ကို သက်သာစေပါတယ်။

အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို အပူပေးပြီး နားအူ၊ နားကိုက် ဝေဒနာများအတွက် နားတွင်း အစက်ချဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ခရမ်းကစော့ကို အသင့်အတင့်စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ပျို့ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း အပြင် Solanin ဓာတ်ပေါင်း ပါဝင်တာကြောင့်  ပုံမှန်မဟုတ်တဲ့ နှလုံးခုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ ခြေလက်များ တုန်ခြင်း၊ ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်း၊ လေငန်းတက်ခြင်း၊ သတိမေ့မြောခြင်း စတဲ့ အဆိပ်သင့်လက္ခဏာများမှာ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ  ခရမ်းကစော့ စားသောက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ခရမ်းကစော့နဲ့ ဓာတ်မတည့်သူများလည်း ခရမ်းကစော့ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024