Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ချဥ်ပေါင်ပင်
DVB
·
August 14, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ချဥ်ပေါင်ပင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ချဥ်ပေါင်ပင်ကို သိပ္ပံလို Hibiscus sabdariffa လို့ခေါ်ပြီး အင်္ဂလိပ်လို Roselle လို့ ခေါ်ပါတယ်။

ချဥ်ပေါင်ပင်မှာ Vitamins A, B2, B3, C, Sodium, Potassium, Carbohydrate, Protein, Calcium, Iron, Magnesium, Phosphorus စတဲ့ အာဟာရဓာတ်များနဲ့ Tannin, phlobatannin, saponin, cardiac glycoside, flavonoid, terpenoid, campesterol, stigmasterol, ergosterol, citric, tartaric နဲ့ oxalic acid, ascorbic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ကာ အစာခြေခြင်းကို အထောက်အကူပြုခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား ပိုးသတ်ဆေး အာနိသင်၊ ကိုယ်အလေးချိန်ကျခြင်း၊ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ ဖျားခြင်းတို့ကို ဟန့်တားခြင်း၊ သွေးဖိအား ထိန်းညှိပေးခြင်းအပြင် ချဥ်ပေါင်စေ့မှာ ဆီးကျိတ်ကျန်းမာရေးကို အကျိုးပြုခြင်းနဲ့ အားတိုးစေတဲ့ အာနိသင်များ ပါဝင်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ချဥ်ပေါင်ရဲ့ အရွက်၊ အပွင့်၊ အသီးနဲ့ အ‌စေ့တို့ကို သုံးစွဲကြပါတယ်။

ချဥ်ပေါင်ဟာ ဟော်မုန်းကို မျှတမှုရှိအောင် ထိန်းညှိပေးပြီး ကြွက်တက်ခြင်းနဲ့ ရာသီလာချိန် ကိုက်ခဲခြင်းမှ သက်သာအောင် ကူညီပေးတဲ့အပြင် ဓမ္မတာကြောင့်ဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲ၊ စိတ်ဓာတ်ကျခြင်းနဲ့ အလွန်အကျွံ စားသောက်လိုခြင်း လက္ခဏာများကို လျှော့ချပေးနိုင်ပါတယ်။

ချဥ်ပေါင်ပန်းပွင့်မှာ ascorbic acid၊ ဗီတာမင် C ကြွယ်ဝတာကြောင့် လက်ဖက်ခြောက် ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် သောက်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းခြင်းများကို လျော့ကျစေတဲ့အပြင် အအေးမိ ဖျားနာခြင်းကို ကာကွယ်ပေးပြီး အဖျားကြောင့်ဖြစ်တဲ့ မအီမသာ လက္ခဏာများကို လျော့ပါးစေပါတယ်။

အစေ့မှာ အစာခြေခြင်းကို အထောက်အကူပြုတဲ့အပြင် ဆီးရွှင်ဆေးနဲ့ အားတိုးဆေး အာနိသင်များ ပါဝင်တာကြောင့် ဆီးနဲ့ ဝမ်းကို ရွှင်စေပြီး အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်။

ချဥ်ပေါင်ဟာ ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓာတ်များကို စုပ်ယူရာမှာ အထောက်အကူဖြစ်စေတဲ့ amylase ထုတ်လုပ်မှုကို ဟန့်တားပေးတာကြောင့် ချဥ်ပေါင်ရေနွေးကြမ်း သောက်ခြင်းကြောင့် ကိုယ်အလေးချိန် ကျစေတဲ့အပြင် Flavonoid ကဲ့သို့ စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အာရုံကြောစနစ်ကို တည်ငြိမ်အောင် ကူညီပေးပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ဖြေလျှော့ပေးခြင်းဖြင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးပါတယ်။

လက်ဖက်ခြောက်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိမရှိတဲ့ hibiscus protocatechuic acid ပါရှိတာကြောင့် အကျိတ်ကို ဆန့်ကျင်ခြင်းနဲ့ ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှေးကွေးစေပါတယ်။

ချဥ်ပေါင်ပွင့်ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး အပျော့စား ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများ ရှိတာကြောင့် မကြာခဏ ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းများမှာ ချဥ်ပေါင်ပွင့် ရေနွေးကြမ်းကို ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်တဲ့အပြင် အေးစေတဲ့ အာနိသင်ကြောင့် ဖျားနာခြင်း ဝေဒနာများကို သက်သာစေပါတယ်။

ချဥ်ပေါင်ရွက် ရေနွေးကြမ်း သောက်ခြင်းဟာ သွေးတိုးရောဂါကို ဆန့်ကျင်ပြီး နှလုံးရောဂါ ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အရွယ်ရောက်ပြီးသူများမှာ သွေးတိုးရောဂါ မတိုင်မီနဲ့ အပျော့စား သွေးတိုးကို လျော့ကျစေတဲ့အပြင် သွေးတိုးရောဂါ ခံစားနေရသူများနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေ မြင့်မားသူများအတွက် အကျိုးပြုပါတယ်။ ဆီးရွင်စေတဲ့ အာနိသင်လည်း ပါဝင်ပါတယ်။ တနေ့ ရေနွေးကြမ်း ၃ ခွက် သောက်ပေးနိုင်ပါတယ်။

Antioxidant ဂုဏ်သတ္တိများက အသည်းရောဂါများကို ကုသရာမှာ ကူညီပေးသည် (Antioxidants များသည် ခန္ဓာကိုယ်တစ်သျှူးများနဲ့ ဆဲလ်များမှာပါရှိတဲ့ free radicals များကို ပျက်ပြယ်စေတာကြောင့် ခန္ဓာကိုယ်ကို ရောဂါများမှ ကာကွယ်ပေးသည်)

အနီရောင်ချဥ်ပေါင်မှာ ကယ်လ်စီယမ် သိသိသာသာ ပါဝင်တာကြောင့် သွားနဲ့ သွားဖုံးများကို ကျန်းမာစေပါတယ်။

ချဥ်ပေါင်မှာ သံဓာတ်ကြွယ်ဝတာကြောင့် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်များ ချဥ်ပေါင် စားသောက်ပေးတာက သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး ကိုယ်ဝန်ဆောင်ကျန်းမာ‌ရေးကို အထောက်အကူပြုပါတယ်။

ချဥ်ပေါင်မှာပါဝင်တဲ့ Anthocyanin က သွေးခဲခြင်းမဖြစ်အောင် ကူညီပေးပြီး သွေးလည်ပတ်မှုစနစ်ကို ဟန်ချက်ညီစေကာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် သွေးကြောများကို ပျော့ပျောင်းစေကာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့အပြင် ကင်ဆာကို ကာကွယ်ပေးပါတယ်။

ပန်းပွင့်မှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် ချဥ်ပေါင်ပွင့် ရေနွေးကြမ်းကို သောက်သုံးသူများ အရိုးများ ပိုမိုသန်မာပြီး သွားများ ပိုမိုခိုင်ခံ့စေတဲ့အပြင် လက်ဖဝါး/ခြေဖဝါးတွေ ထုံကျဥ်တာကိုလည်း သက်သာစေပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဆိုးရွားတဲ့ ဗိုင်းရပ်စ်များနဲ့ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်စေရုံသာမက သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ဒဏ်ရာများကို မြန်ဆန်စွာ သက်သာပျောက်ကင်းစေခြင်း၊ သကြားဓာတ်ပမာဏကို ထိန်းညှိပေးခြင်း၊ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ပိုမိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးများစွာ ရရှိစေပါတယ်။ ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေနိုင်တဲ့ ဇီဝဖြစ်ပျက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းမှုကို လျော့ပါးစေတာကြောင့် ရင်ကျပ်ခြင်းကိုလည်း သိသိသာသာ လျှော့ချပေးပါတယ်။

ပန်းပွင့်ရေနွေးကြမ်းကို သောက်ခြင်းက အရက်စုပ်ယူမှုနှုန်းကို လျော့ကျစေရုံသာမက အရက်ရဲ့ အကျိုးသက်ရောက်မှုကိုလည်း လျော့နည်းစေပါတယ်။

ကျန်းမာရေးအတွက် အရွက်မှုန့်ကို ရေနဲ့ရောစပ်ပြီး ဆံပင်နဲ့ ဦးရေပြားကို သေသေချာချာ လိမ်းပြီး ခြောက်အောင်ထားကာ ခေါင်းလျှော်ပါ။

ချဥ်ပေါင်ပန်းနုများကို နို့နဲ့ရောစပ်ပြီး စားသုံးတာက ဓမ္မတာလာစဉ် သွေးထွက်လွန်ကဲမှုကို လျှော့ချပေးပါတယ်။

ဆီးချိုရောဂါအတွက် ချဥ်ပေါင်ပွင့်ကို ရေမှာ တညစိမ်ထားပြီး နောက်နေ့မှာ ရေစစ်ပြီး ရေနွေးကြမ်းပန်းကန်တဝက် သောက်ပေးနိုင်ပါတယ်။

ချဥ်ပေါင်ပွင့်ကို နွားနို့နွေးနွေးနဲ့ သောက်ပေးတာက စိတ်ကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

သတိပြုရမှာက ချဥ်ပေါင်ရွက်ကို အသင့်အတင့် စားသောက်တာက ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ဗိုက်အောင့်ခြင်း၊ လေပွခြင်းနဲ့ ဝမ်းပျက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ချဥ်ပေါင်ပွင့်မှာ သန္ဓေတားဆေးအာနိသင် ပါဝင်တာကြောင့် သားသမီး ရယူလိုတဲ့ မိခင်လောင်းများနဲ့ ကိုယ်ဝန်ဆောင်များ ရှောင်ကြဥ်ပါ။ ချဥ်ပေါင်နဲ့ ဓာတ်မတည့်သူများ ချဥ်ပေါင်ပင်ထွက် ပစ္စည်းများကို ရှောင်ကြည်သင့်ပါတယ်။

နွေဦးပြည်သူများ ချဉ်ပေါင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024