Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆေးဖက်ဝင် ကွမ်းပင်
DVB
·
July 31, 2024

နွေဦးတော်လှန်ရေးတလျှောက် ဖက်ဆစ်စစ်မိစ္ဆာ အန္တရာယ်အစုံစုံ ဘေးရန်အဖုံဖုံအောက် ဒူးမထောက် လက်မမြှောက် နောက်ပြန်မလှည့်တမ်း ခရီးကြမ်းနှင်လာကြတဲ့ တော်လှန်ပြည်သူ တရပ်လုံးကို ရင်ဘတ်တခုလုံးနဲ့ ဦးညွှတ်အလေးပြုပါတယ်။ ခုခါမှာ တော်လှန်ဒီရေလည်း တက်၊ တော်လှန်လှိုင်းတွေလည်း မြင့်သထက် မြင့်လာပြီမို့ ပန်းတိုင်ရောက်ခါလည်း နီးပြီ။ ဒါကြောင့် ရှေ့ခရီးပြင်း နှင်နိုင်ဖို့ ကျန်းမာရေး အထူးဂရုပြုဖို့ အလေးအနက် မှာချင်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆေးဘက်ဝင် ကွမ်းပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကွမ်းပင်ကို သိပ္ပံလို Piper betle လို့ခေါ်ပြီး အင်္ဂလိပ်လို The betel, Piper betle ခေါ်ကြပါတယ်။

လတ်ဆတ်တဲ့ ကွမ်းရွက်မှာ အစိုဓာတ် chlorophyll, ပရိုတင်း၊ သတ္တုဓာတ်၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C, ကာဗိုဟိုက်ဒရိတ်၊ အိုင်အိုဒင်း၊ Thiamineg, phosphorus, သံ၊ ကယ်လစီယမ်၊ alkaloid, flavonoid, tannin, sterol, phenol, glycoside, saponin နဲ့ terpenoid စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်များပါဝင်ပြီး ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း၊ အစာအိမ်အနာ၊ ဆီးချိုရောဂါ နဲ့ ဓာတ်မတည့်မှုများကို လျော့ပါးစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးအာနိသင်နဲ့ ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း ဂုဏ်သတ္တိများ ရှိပါတယ်။

ကွမ်းရွက်မှာ အစွမ်းထက်မြက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ဓာတ်တိုးခြင်းကို တိုက်ဖျက်ရာမှာ ထိထိရောက်ရောက် ကူညီပေးပါတယ်။

ကွမ်းရွက်ကို ပုံမှန်စားသုံးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ကွမ်းရွက်ကို ရေမှာ တညစိမ်ပြီး မနက် ဗိုက်ထဲမှာ အစာမရှိချိန် သောက်ပေးခြင်းက အူလမ်းကြောင်းလှုပ်ရှားမှုကို ချောမွေ့စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကွမ်းရွက်သတ္တုရည် သောက်သုံးခြင်းက ဗိုက်အောင့်ခြင်းကို သက်သာစေပါတယ်။ ကွမ်းရွက်မှာ လေကိုထုတ်ပယ်ခြင်းနဲ့ လေတက်ခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အစာစားပြီးနောက် ကွမ်းရွက် ဝါးပေးခြင်းက အစာချေဖျက်ခြင်းကို ပိုမိုကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေတဲ့အပြင် အရေးကြီးတဲ့ အာဟာရဓာတ်များနဲ့ သတ္တုဓာတ်များကို စုပ်ယူနိုင်အောင် အူကို လှုံ့ဆော်ပေးပါတယ်။

ကွမ်းရွက်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာပျောက်ကင်းစေပါတယ်။ ကွမ်းရွက် ၅ ကျပ်သားခန့်ကို ဖာလာ၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ ချင်း(ဂျင်း) နဲ့ ငရုတ်ကောင်းတို့ ကော်ဖီတဇွန်းခန့်စီနဲ့ ရေ ၂ ခွက်ထည့်ပြီး တခွက်စာကျန်တဲ့အထိ ပြုတ်ပြီး ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းများ၊ ပန်းနာရင်ကျပ်၊ အသက်ရှူကျပ်ခြင်းစတဲ့ အဆုတ်နဲ့ ရင်ခေါင်းပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် ဆေးရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း/နာခြင်းအတွက် ကွမ်းရွက်ကို မုန်ညင်းဆီနဲ့ အပူပေးပြီး အရွက်ကို ရင်ဘတ်ပေါ်တင်ပြီး ခဏလောက်ထား ကပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။

ကွမ်းရွက်မှာပါဝင်တဲ့ chavicol အော်ဂဲနစ်ဒြပ်ပေါင်းဟာ ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးအာနိသင် ရှိတာကြောင့် ထိခိုက်ရှနာတွေမှာ ကွမ်းရွက်သတ္တုရည် လိမ်းပေးတာက ရောဂါပိုးမွှားများကို ဟန့်တားပေးပြီး ဒဏ်ရာကို အမြန်ကျက်စေပါတယ်။

ကွမ်းရွက်မှာ ခံတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို ထိရောက်စွာ တိုက်ဖျက်ပေးတာကြောင့် ကွမ်းရွက်ဝါးခြင်းက ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သွားပိုးစားခြင်း၊ သွားဖုံးနာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အခြား ခံတွင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အူတွင်းရှိ မကောင်းတဲ့ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါတယ်။ ကွမ်းရွက်ဟာ တံတွေးဘက်တီးရီးယားမှ ထွက်ရှိတဲ့ အက်ဆစ်ကို ဟန့်တားခြင်းဖြင့် သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။

ကွမ်းရွက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်းများအတွက် ကွမ်းရွက်ကို အပူပေးပြီး ဖြစ်တဲ့အစိတ်အပိုင်းမှာ ကပ်ပေးထားတာက ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

ကွမ်းရွက်မှာ ဓာတ်တိုးခြင်းကို ချေဖျက်ပေးတဲ့ သဘာဝ antioxidant ဖြစ်တဲ့ eugenol ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီဓာတ်ကို လျှော့ချရာမှာ ကူညီပေးပြီး ကောင်းတဲ့အဆီဓာတ်ကို မြင့်တက်အောင်လည်း ကူညီပေးတဲ့အတွက် သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်များကို လျော့ပါးစေပါတယ်။

ကွမ်းရွက်မှာ သွေးတွင်းဂလူးကို့စ်အဆင့်ကို ကျဆင်းစေနိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါဝေဒနာရှင်များ ကွမ်းရွက်ကို ဝါးစားခြင်း၊ ရေနွေးကြမ်းသောက်ခြင်း၊ အမှုန့်အဖြစ် သောက်သုံးခြင်း ပြုလုပ်နိုင်ပါတယ်။

ကွမ်းရွက်မှာပါတဲ့ Terpene ဟာ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး Flavonoid က ကပ်ပါးကောင်များကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက် ပါဝင်တာကြောင့် ငှက်ဖျားရောဂါမှာ ကွမ်းရွက်ပြုတ်ရည်ကျကျကို ဆေးခါးကြီးမှုန့် ‌ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကွမ်းရွက်မှာ အစာအိမ်အချွဲများထွက်ရှိမှုကို တိုးမြင့်စေပြီး အစာအိမ်အက်ဆစ်ထုတ်လွှတ်တဲ့ ပမာဏကို လျှော့ချပေးတာကြောင့် အစာအိမ်အနာဖြစ်ပွားခြင်းကို ဟန့်တားတဲ့အပြင် အစာအိမ်အတွင်းပိုင်း အလွှာကို အဆိပ်အတောက်များနဲ့ အခြားထိခိုက်ခြင်းမှ ကာကွယ်ပေးကာ အစာအိမ်ပြဿနာကို လျှော့ချပေးပါတယ်။

ကွမ်းရွက်မှာပါဝင်တဲ့ Dopamine နဲ့ Adrenaline ဒြပ်ပေါင်းများက catecholamine ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးတဲ့ရနံ့က ဗဟိုအာရုံကြောစနစ်ကို နှိုးဆွပေးတာကြောင့် ကွမ်းရွက်ဝါးခြင်းက စိတ်ဓာတ်ကျခြင်း လက္ခဏာများကို သက်သာစေနိုင်ပါတယ်။

ကွမ်းရွက်ဟာ အနာကျုံ့နှုန်းနဲ့ ပရိုတင်းဓာတ် ပါဝင်မှုကို တိုးမြင့်စေတာကြောင့် အနာကို ကုသရာမှာ အကာအကွယ်တခုအဖြစ် လုပ်ဆောင်ပေးတဲ့အတွက် မီးလောင်ဒဏ်ရာများမှာ ကွမ်းရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့်  အနာကျက်ခြင်းကို အလွန်အားကောင်းစေပါတယ်။

ကွမ်းရွက်မှာပါတဲ့ ပိုလီဖီနောနဲ့ ကွမ်းဆီများက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါရှိပြီး ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုကို လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကွမ်းရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကွမ်းရွက်မှာ ကင်ဆာကို ထိထိရောက်ရောက် တိုက်ဖျက်ပေးတဲ့ ဓာတုဓာတ်ပေါင်းတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီဇဆန့်ကျင်ပွားများမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကွမ်းရွက်ကို တမျိုးတည်း စားသုံးခြင်းက ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ မပြန့်ပွားအောင် ကာကွယ်ပေးပါတယ်။

ကွမ်းရွက်ဟာ ကင်ဆာရောဂါကို တိုက်ဖျက်ခြင်း၊ ဆီးကျိတ်ကို သက်သာစေခြင်း၊ ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း၊ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းကို သက်သာစေခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။

သတိပြုရမှာက ကွမ်းရွက်ဟာ နှလုံးခုန်နှေးနေသူများမှာ နှလုံးခုန်နှုန်းကို လျှော့ချနိုင်တာကြောင့် ကွမ်းမစားသင့်ပါ။ နှလုံးရောဂါရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်တဲ့အတွက် ကွမ်းရွက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ကွမ်းရွက်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024