Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကြက်သွန်ဖြူပင် ဆေးဖက်ဝင်
DVB
·
July 17, 2024
Design-DVB

တော်လှန်လမ်းကြမ်းချီတက် ခရီးခက်ကို အနာဂတ်အရေး ရှေးရှုတွေးပြီး မိမိကိုယ်တိုင် သတ္တိရှိရှိ ရွေးချယ်ပြီး လူသားဆိုင်ရာ တန်းတူညီမျှရေးကို အနာဂတ်ရင်သွေးများအတွက် ကိုယ်တိုင်ကိုယ်ကျ လက်ထဲအရောက်ထည့်ပေးဖို့ ရွေးချယ်ခဲ့ကြတဲ့ နွေဦးပြည်သူ တယောက်ချင်းစီတိုင်းကို လေးစားစွာ ဦးညွှတ် မှတ်တမ်းတင်ကြောင်း ဦးစွာဖော်ပြအပ်ပါတယ်။

လက်လှမ်းမီ ဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့အတူ တသွေးတသားတည်း ရပ်တည်နေကြောင်းလည်း သစ္စာပြုအပ်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြက်သွန်ဖြူပင် ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူကို သိပ္ပံလို Allium sativum လို့ခေါ်ပြီး အင်္ဂလိပ်လို Garlic လို့ ခေါ်ပါတယ်။

Sodium, Carbohydrate, Protein, Zinc, ဗီတာမင်B6, ဗီတာမင်စီ၊ မန်းဂနိစ်၊ ဆီလီနီယမ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ သံဓာတ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ allicin, alliin, diallyl sulfide, diallyl disulfide, diallyl trisulfide, ajoene, S-allyl-cysteine ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ အကာအကွယ်၊ ကင်ဆာရောဂါ၊ အသည်းကို ကာကွယ်ပေးခြင်း၊ အစာခြေစနစ်ကို အကာအကွယ်ပေးခြင်း၊ ဆီးချိုရောဂါကို ဆန့်ကျင်ခြင်း၊ အဝလွန်ခြင်းကို ဆန့်ကျင်ခြင်း၊ အာရုံကြောကာကွယ်ခြင်းနဲ့ ကျောက်ကပ်ကို အကာအကွယ်ပေးခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကြက်သွန်ဖြူဥကို အဓိက သုံးစွဲကြပါတယ်။

ကြက်သွန်ဖြူအစိမ်းကို အစားအသောက်များမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းကို အကျိုးပြုပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ကြက်သွန်ဖြူ အစိမ်းစားတာက အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးပြီး အူထဲမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူအစိမ်း နှစ်မွှာကို ကြေညက်အောင် ဝါးစားခြင်းက ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်း ရှိပါတယ်။

ကြက်သွန်ဖြူဆီဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အဆစ်များနဲ့ ကြွက်သားများ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းများမှာ ကြက်သွန်ဖြူဆီ လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်ဟာ မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးခဲခြင်းကို လျော့နည်းစေပြီး သွေးခဲခြင်းရောဂါကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ချိန်ကို လျော့ကျစေတာကြောင့် သွေးတိုးဝေဒနာရှင်တွေ အတွက်လည်း ပုံမှန်သားသောက်ပေးနိုင်တဲ့ ဓာတ်စာဖြစ်ပါတယ်။

ဆီးချိုဝေဒနာရှင်များမှာ ကြက်သွန်ဖြူအစိမ်း စားပေးတာက သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိကြောင့် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားနဲ့ မှတ်ဉာဏ်အားနည်းခြင်း စတဲ့ အာရုံကြော ချွတ်ယွင်းမှုကြောင့် ဖြစ်တဲ့ ရောဂါများကို ထိထိရောက်ရောက် ဟန့်တားနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ဓာတ်တိုးခြင်းကို ဟန့်တားပြီး ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ဇင့်ဓာတ်က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဗီတာမင်စီက ရောဂါပိုးများကို တိုက်ဖျက်ရာမှာ ကူညီပေးတဲ့အပြင် ဇီဝရောဂါပိုးဆန့်ကျင် ဂုဏ်သတ္တိများ ပါဝင်တာကြောင့် မျက်စိနဲ့ နားပိုးဝင်ခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူက ဝက်ခြံတွေကို ကာကွယ်ပေးပြီး အမာရွတ်တွေကို သက်သာစေပါတယ်။ အသားပပ်ခြင်း၊ အသားမာနာများ၊ အဖုအပိမ့်များနဲ့ အရည်ကြည်ဖုများမှာ ကြက်သွန်ဖြူဖျော်ရည်ကို အုန်းဆီ/နှမ်းဆီတို့နဲ့ ရောစပ်သုတ်လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။

ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တာကြောင့် အဆုတ်၊ ဆီးကျိတ်၊ ဆီးအိမ်၊ အစာအိမ်၊ အသည်းနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းမှ ရောဂါပိုးမွှားများကို ဖယ်ရှားပေးပြီး အစာအိမ်အနာများကို ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူ စားသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အပူချိန်ကို တိုးမြင့်စေပြီး အဆီပိုများကို လောင်ကျွမ်းစေကာ မကောင်းတဲ့ သွေးတွင်းအဆီကို ကျဆင်းစေတာကြောင့် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေတဲ့အပြင် အာဟာရလည်း ပြည့်ဝစေပါတယ်။

ကြက်သွန်ဖြူစားသုံးခြင်းက လေ့ကျင့်ခန်းလုပ်ဆောင်မှု စွမ်းဆောင်ရည်ကို ပိုမို တိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းများကိုလည်း လျော့နည်းစေပါတယ်။

လတ်ဆတ်တဲ့ ကြက်သွန်ဖြူဖျော်ရည် စားသုံးပေးခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်း လျှော့ချပေးနိုင်ပြီး ကျောက်ကပ်ပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်းက အရိုးကျန်းမာရေးနဲ့ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆံပင်ကို သန်စွမ်းစေတဲ့အပြင် ထိခိုက်ရှနာများမှာ ရောဂါပိုးမွှားများကို လျှော့ချပေးပါတယ်။

လုပ်ငန်းခွင်အန္တရာယ်ကြောင့် ခဲဆိပ်သင့်နိုင်သူများအတွက် ကြက်သွန်ဖြူ စားသောက်ပေးခြင်းက သွေးခဲအဆိပ်သင့်မှုကို လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

အမျိုးသမီးများ ကြက်သွန်ဖြူစားသုံးခြင်းဖြင့် သွေးဆုံးပြီးနောက် အီစထရိုဂျင်ဟော်မုန်း ချို့တဲ့မှုကို ‌လျှော့ချပေးပါတယ်။

ကြက်သွန်ဖြူမှာ အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ diallyl disulphide လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုး ပါဝင်တာကြောင့် ကြက်သွန်ဖြူကို ပုံမှန်စားပေးခြင်းဖြင့် အရိုးနဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်တဲ့ အရိုးအဆစ်ရောင်ခြင်းနဲ့ အရိုးအဆစ်ရောဂါတွေကို လျော့ပါးစေပါတယ်။

ကြက်သွန်ဖြူ အသင့်အတင့်စားသုံးခြင်းက သွေးခဲခြင်းကို လျှော့ချပေးနိုင်တာကြောင့် သွေးလွှတ်ကြောများအတွင်းက မလိုအပ်တဲ့ သွေးခဲများကို တားဆီးပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

သတိပြုရန်အနေနဲ့ ကြက်သွန်ဖြူစိမ်းစားခြင်းက ခံတွင်းနံ့ဆိုးခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်းနဲ့ ဝမ်းပျက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

ခွဲစိတ်လူနာများမှာ သွေးယိုစီးနိုင်ခြေကို တိုးစေပြီး အချို့လူများ ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။

ကြက်သွန်ဖြူအစိမ်းကို အရေပြားပေါ်လိမ်းခြင်းက မီးလောင်ဖုထစေခြင်း၊ ပြင်းထန်သော အရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

နွေဦးပြည်သူများ ကြက်သွန်ဖြူရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024