အာဏာငန်းလိုက် တိုင်းပြည်မီးတိုက်သူတွေလက်ထဲ နောက်မျိုးဆက်တွေကို ချန်မထားရက်ခဲ့သူ တော်လှန်နွေဦးပြည်သူတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ သတ္တိပြောင်မှုကို ဦးညွှတ်အလေးပြုရင်း လက်လှမ်းမီဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့ ရင်ဘတ်ချင်း ကြိုးညှိလို့ နောက်မဆုတ်တမ်း ချီတက်ခဲ့ကြတာ တော်လှန်ခရီးလည်း အတော်ပေါက် အာဏာဂငယ်ကွေ့ဆီ ပြန်ခေါက်နေပြီ။ မကြာခင် တော်လှန်မီးငြိမ်း ခရီးသိမ်းဖို့ လက်တကမ်းအလို ကျန်းမာရေးကို ပိုပိုဂရုစိုက်ရင်း တော်လှန်မောင်းကို ဆပွားကြပါစို့။
ကန်စွန်းရွက်ကို သိပ္ပံလို Ipomoea aquatica လို့ခေါ်ပြီး အင်္ဂလိပ်လို Water spinach လို့ ခေါ်ပါတယ်။
ကန်စွန်းရွက်မှာ အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင် A နဲ့ ဗီတာမင် C, ဗီတာမင် B6, Sodium, Potassium, Carbohydrate, Magnesium စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ gallic acid, chlorogenic acid, 4-hydroxybenzoic acid, vanillic acid, caffeic acid, rutin, sinapic acid, ferulic acid, naringin နဲ့ quercetin စတဲ့ ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အသားဝါခြင်းနဲ့ အသည်းပြဿနာများကို ကုသခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ အစာမကြေခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကုသခြင်း၊ ဆီးချိုရောဂါတိုက်ဖျက်ခြင်း၊ နှလုံးရောဂါကာကွယ်ခြင်း၊ ကင်ဆာကာကွယ်ခြင်း၊ မျက်လုံးကျန်းမာရေးကို အကျိုးပြုခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကန်စွန်းရွက်ကို တပင်လုံး သုံးစွဲကြပါတယ်။
ကန်စွန်းရွက်ကို စားသုံးခြင်းက သွေးတွင်းအဆီနဲ့ Triglyceride တို့ကို လျော့ကျစေတာကြောင့် ကိုယ်အလေးချိန်လျော့ကျပြီး သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချလိုသူတွေအတွက် အကောင်းဆုံး သဘာဝအာဟာရဓာတ်စာ ဖြစ်ပါတယ်။
အဆိပ်အတောက်များ ဖယ်ရှားပေးတဲ့ အင်ဇိုင်းများကို ပြုပြင်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း ဂုဏ်သတ္တိများ ပါဝင်တာကြောင့် ဓာတုအဆိပ်ကြောင့် အသည်းပျက်စီးမှုကို အကာအကွယ်ပေးနိုင်ပြီး အသားဝါခြင်းနဲ့ အသည်းပြဿနာများမှာ ကန်စွန်းရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း၊ ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့အတွက် ကန်စွန်းရွက်နုဟာ သွေးအားနည်းရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အလွန်အကျိုးရှိပါတယ်။ သံဓာတ်ဟာ (ဟေမိုဂလိုဘင်) သွေးဖွဲ့စည်းရန်အတွက် အရေးကြီးသော သတ္တုဓာတ်တမျိုးဖြစ်တာကြောင့် ကန်စွန်းရွက် စားသောက်ခြင်းက သွေးကျန်းမာရေးကို အကျိုးပြုပါတယ်။ ကန်စွန်းရွက်ကို ချက်ပြုတ် ကြော်လှော်ပြီး စားသောက်ပေးနိုင်ပါတယ်။
ကန်စွန်းရွက်မှာ အမျှင်ဓာတ်ကြွယ်ဝပြီး အပျော့စား ဝမ်းနုတ်ဆေးအာနိသင် ပါဝင်တာကြောင့် အစာမကြေခြင်းနဲ့ ဝမ်းချုပ်ခြင်းအတွက် ကန်စွန်းရွက်ပြုတ်ရည်/ဟင်းချို/ချဥ်ဟင်း စားသောက်ပေးနိုင်ပြီး အူလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ဟန့်တားပေးပါတယ်။ အစာခြေကျန်းမာရေးကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်။
ကန်စွန်းရွက်ကို ပုံမှန်စားသုံးပေးတာက ဆီးချိုကြောင့်ဖြစ်စေတဲ့ ဓာတ်တိုးမှုကို ခုခံနိုင်စွမ်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ဆီးချိုရောဂါများမှာ ကန်စွန်းရွက် စားသုံးခြင်းက များစွာ အကျိုးရှိပါတယ်။
ကန်စွန်းရွက်မှာ ခန္ဓာကိုယ်တွင်း ဓာတ်တိုးခြင်းကို လျှော့ချရာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးတဲ့ ဗီတာမင် A နဲ့ C စတဲ့ အာဟာရဓာတ်များ အပြင် ဘီတာ-ကာရိုတင်း မြင့်မားစွာ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီတွေကို ဓာတ်တိုးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောများပိတ်ဆို့ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ကို တားဆီးပေးတဲ့အပြင် ကန်စွန်းရွက်မှာပါတဲ့ မဂ္ဂနီဆီယမ်ကလည်း သွေးဖိအားကို လျော့ကျစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်မှာ ဓာတ်တိုးဆန့်ကျင်ဓာတ်ပေါင်း အများအပြား ပါဝင်တာကြောင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အရေပြားနဲ့ ရင်သားကင်ဆာများကို ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်မှာ မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရိုတီးနွိုက်၊ ဗီတာမင် A နဲ့ လူတင်တို့ ပါဝင်မှု မြင့်မားတာကြောင့် ကန်စွန်းရွက်စားသောက်ခြင်းက မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် မျက်စိအတွင်းတိမ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်ကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး အရိုးတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် အဆိပ်အတောက်တွေကို ချေဖျက်ပေးတာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
ရေကန်စွန်းရွက်မှာ ဓာတုဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ဆဲလ်ပျက်စီးမှုကို တားဆီးပေးခြင်း၊ ဆဲလ်များကို နေရောင်ခြည်ဒဏ်မှ ပိုမိုခံနိုင်ရည်ရှိပြီး အရေးအကြောင်းများကို သိသိသာသာ လျှော့ချပေးတာကြောင့် ပုံမှန်စားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သည်။
ကန်စွန်းအဖူးကို ပွေးနာ၊ အားကစားသမား ခြေဖဝါး အသားမာ အစရှိတဲ့ အရေပြား ရောဂါတွေမှာ ထုထောင်းပြီး အုံပေးနိုင်ပါတယ်။ ကန်စွန်းရွက်သတ္တုရည်ကို ဝက်ခြံ၊ နှင်းခူနဲ့ အိုင်းအသားမာနာတို့မှာ လိမ်းပေးနိုင်ပြီး အရေပြားကင်ဆာကို ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ကို ပုံမှန်စားသုံးပေးခြင်းက အသားအရေကို ကြည်လင်စေပြီး ကျန်းမာစေပါတယ်။
ကန်စွန်းရွက်မှာ ဦးရေပြားနဲ့ ဆံကေသာကို ကျန်းမာသန်စွမ်းစေတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကန်စွန်းရွက် စားသောက်ခြင်းက ဆံပင်ကြီးထွားမှုအတွက် အကျိုးပြုပြီး သင့်ဆံပင်အရည်အသွေးနဲ့ အသွင်အပြင်ကို မြှင့်တင်ပေးတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်မှာ အိပ်ဆေးအာနိသင် ပါဝင်တာကြောင့် လူကို အိပ်ငိုက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာကြောင့် အိပ်မပျော်ရောဂါအတွက် ကန်စွန်းရွက် စားသောက်ပေးတာက အကျိုးရှိပါတယ်။ ဆယ်လီနီယမ်နဲ့ ဇင့် ပါဝင်တာကြောင့်လည်း အာရုံကြောများကို ပြေလျော့စေပါတယ်။
ကန်စွန်းရွက်မှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အာနိသင် ရှိတာကြောင့် အစာအိမ်နာတာကို သက်သာစေတဲ့အပြင် အသားအရေ ထိန်းသိမ်းရာမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် ကန်စွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကန်စွန်းရွက်ကို နေ့တိုင်းစားသုံးပေးတာက အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်တဲ့ သံဓာတ်ကိုဖြည့်ဆည်းပေးပြီး ကိုယ်ဝန်ဆောင် သွေးအားနည်းခြင်းကို ကာကွယ်ပေးကာ သန္ဓေသားအတွက် လုံလောက်တဲ့ အာဟာရနဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
ကန်စွန်းရွက်ကို စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်များသူများအတွက် ပိုလျှံနေတဲ့ သွေးတွင်းသကြားဓာတ်ကို စုပ်ယူနိုင်တာကြောင့် ဆီးချိုရောဂါအတွက် ကောင်းမွန်တဲ့ဓာတ်စာ ဖြစ်ပါတယ်။
သန်ကောင်ကြောင့်ဖြစ်တဲ့ အဖျားရောဂါအတွက် ကန်စွန်းရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို သကြားအနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး ကန်စွန်းရွက် သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် ချင့်ချိန်ပြီး သောက်ပေးနိုင်ပါတယ်။
လည်ချောင်းနာခြင်းအတွက် ကန်စွန်းရွက်နဲ့ ကြိတ်မှန်ရွက် ဆတူကို ရောစပ် သတ္တုရည် ပြုလုပ်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပြီး နှာခေါင်းတွင်း အစက်ချပေးနိုင်ပါတယ်။
ဆေးဝါးမရှိတဲ့ဒေသမှာ အဆိပ်ရှိသတ္တဝါ ကိုက်ခံရပါက ကန်စွန်းရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို အခြေအနေပေါ်မူတည်ပြီး နာရီဝက်ခြား တကြိမ်၊ တနာရီခြား တကြိမ် စသဖြင့် ခပ်စိပ်စိပ် တိုက်ပေးပါ။ ကန်စွန်းရွက်ကို ထုထောင်းပြီး ဒဏ်ရာပေါ်မှာ အုံပေးပြီး ၃ နာရီခြားတခါ လဲလှယ်ပေးပါ။
အစာအဆိပ်သင့်ခြင်းအတွက် ကန်စွန်းရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို အခြေအနေပေါ်မူတည်ပြီး ၁ နာရီခြား၊ ၂ နာရီခြားတကြိမ် တိုက်ပေးနိုင်ပါတယ်။
ကန်စွန်းရွက်သတ္တုရည်နဲ့ နှမ်းဆီ ဆတူကို အပူအနည်းငယ်ပေးပြီး နားကိုက် နားအူ နားနာ များမှာ နားတွင်းအစက်ချပေးနိုင်ပါတယ်။
ခေါင်းကိုက်ခြင်းအတွက် အစေ့အမှုန့်ကို ရေနဲ့ရောပြီး ဦးရေပြားကို လိမ်းပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါတွေမှာ ကန်စွန်းရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးအိမ်ကျုံ့ခြင်းအတွက် အပင်ကို ထုထောင်းပြီး ဆီးအိမ်အပေါ်မှာ အုံထားပေးပါ။
အရေပြားရောဂါများမှာ အပင်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
ကန်စွန်းရွက်မှာ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ဝမ်းသက်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာကြောင့် ဆီးချိုဆေးသောက်နေသူများ သတိထား စားသုံးဖို့ လိုပါတယ်။
နွေဦးပြည်သူများ ကန်စွန်းပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။