Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် မုန်ညင်းစိမ်းပင် ဆေးဖက်ဝင် 
DVB
·
August 7, 2024

ဖက်ဆစ်စစ်အာဏာရှင် အယုတ်တမာရဲ့ စက်ဆုတ်ဖွယ်ရာ ရက်စက်ယုတ်မာ ကောက်ကျစ်နှိပ်စက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံတော်လှန်ကြတဲ့ ပြည်သူတရပ်လုံးနဲ့အတူ လက်လှမ်းမီ ဆေးပညာကလည်း ရင်ဘတ်ချင်းချိတ် ရပ်တည်ရင်း နွေဦးတော်လှန်ရေးရဲ့ အုတ်တချပ် သဲတပွင့်အဖြစ် ရှိနေပါ့မယ်ဆိုတာ ကတိသစ္စာပြုပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မုန်ညင်းစိမ်းပင် ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

မုန်ညင်းစိမ်းပင်ကို သိပ္ပံလို Brassica juncea လို့ခေါ်ပြီး  အင်္ဂလိပ်လို brown mustard, Chinese mustard, Indian mustard, Korean green mustard, leaf mustard, Oriental mustard and vegetable mustard လို့ စသဖြင့် ခေါ်ကြပါတယ်။

မုန်ညင်းစိမ်းမှာ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ ဖိုက်ဘာ၊ ကော့ပါး၊ ဗီတာမင် A, ဗီတာမင် B6, ဗီတာမင်C, ဗီတာမင်E, ဗီတာမင် K, မန်းဂနိစ်နဲ့ ဖောလိတ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ glucoiberin, glucobrassicin, progoitrin, gluconapin, 4-hydroxyglucobrassicin, glucoerucin, glucoraphanin, 4-methoxyglucobrassicin, gluconasturtiin and neo glucobrassicin ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြင်း၊ ဘက်တီးရီးယား/ဗိုင်းရပ်စ် ပိုးသတ်ဆေး၊ မှိုသတ်ဆေးအာနိသင်ရှိခြင်း၊ ရောင်ရမ်းခြင်းနဲ့ အနာကျက်စေတဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

မုန်ညင်းစိမ်းမှာ ဗီတာမင် A ကြွယ်ဝတဲ့အတွက် မုန်ညင်းစိမ်း စားသောက်ပေးတာက  ဗီတာမင် A ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်တဲ့ မျက်စိကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးတဲ့အပြင် မျက်လုံးအစိုဓာတ်ကို ထိန်းသိမ်းပေးကာ ကြက်မျက်သင့်ခြင်းကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

မုန်ညင်းစိမ်းမှာ lutein နဲ့ zeaxanthin ဓာတ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပြီး မြင်လွှာကို ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

မုန်ညင်းစိမ်းမှာ ဗီတာမင် C, flavonoids နဲ့ beta-carotene မြင့်မားစွာပါဝင်ပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးပါတယ်။

မုန်ညင်းစိမ်းဟာ အစာခြေစနစ်မှာ သည်းခြေအက်ဆစ်တွေကို ကူညီပေးတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးတယ်။

မုန်ညင်းစိမ်းမှာ ဂလူးဆီနိုလိတ် အကျိုးပြုအပင်ဓာတ်ပေါင်း ပါဝင်တာကြောင့် မုန်ညင်းစိမ်းစားသုံးမှု မြင့်မားခြင်းဟာ ဆီးကျိတ်၊ အူမကြီး၊ အစာအိမ်၊ နှာခေါင်းနဲ့ ခံတွင်းကင်ဆာများ အပါအဝင် ကင်ဆာအချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

မုန်ညင်းစိမ်းကို နေ့စဥ် စားသောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိခြင်းနဲ့ ဗိုင်းရပ်စ်များကို တိုက်ဖျက်ပေးပါတယ်။

မုန်ညင်းစိမ်းမှာ ပါဝင်တဲ့ ဗီတာမင်အေက အရေပြားတစ်သျှူးများနဲ့ ချွဲအမြှေးပါးများကို စနစ်တကျ ထိန်းသိမ်းပေးတဲ့အပြင် ပိုလျှံနေတဲ့အဆီတွေကို လျှော့ချပေးပြီး အရေပြားခုခံမှု တစ်သျှူးများကို အားကောင်းစေကာ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

မုန်ညင်းစိမ်းမှာ ဗီတာမင် K အများအပြား ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အလွန်အကျိုးရှိတဲ့ pyridoxine (ဗီတာမင် B6) နဲ့အတူ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ ပျို့အန်တာတွေကို ကာကွယ်ပေးပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ မုန်ညင်းစိမ်းများကို ပုံမှန်စားသုံးပေးတာက ကယ်လ်စီယမ်၊ ဖော့စဖိတ် စုပုံခြင်းကို ဟန့်တားပေးတာကြောင့် ဆီးအနည်ထိုင်ခြင်းကို တားဆီးပေးပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

မုန်ညင်းစိမ်းရဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ အစွမ်းကြောင့် အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းနဲ့ တောင့်တင်းမှုကို သက်သာစေတဲ့အပြင် တွယ်ဆက်တစ်သျှူးများကို ပြုပြင်ပေးခြင်းနဲ့ ကြွက်သားများကို သန်မာစေပါတယ်။

မုန်ညင်းစေ့မှာ ကြေးနီ၊ ကယ်လ်စီယမ်၊ သံ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မန်းဂနိစ်နဲ့ ဆီလီနီယမ် စတဲ့ အာဟာရ သတ္တုဓာတ်များနဲ့ ဗီတာမင် C နဲ့ K, thiamin, riboflavin, ဗီတာမင် B6 နဲ့ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ် ပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ မပြည့်ဝဆီများ စတဲ့ ကျန်းမာရေးအကျိုးပြု ဇီဝဓာတ်ပေါင်းများ ပါဝင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ နာကျင်မှုကို လျှော့ချပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ခြင်း၊ အနာကျက်စေခြင်း၊ ပိုးသတ်ဆေးအာနိသင် ပါဝင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

မုန်ညင်းစေ့မှာပါဝင်တဲ့ sinigrin ဓာတ်ပေါင်းက ဘက်တီးရီးယား ပိုးမွှားမျိုးစုံကို ကာကွယ်ပေးနိုင်တဲ့အပြင် အနာကိုလည်း ကျက်စေပါတယ်။ မုန်ညင်းဆီကို ထိခိုက်ရှနာများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မုန်ညင်းစေ့မှာပါဝင်တဲ့ ကာရိုတင်းနဲ့ ဖီနိုလစ် ဓာတ်ပေါင်းများက ပန်ကရိယမှ အင်ဆူလင် ထုတ်လွှတ်မှုကို တွန်းအားပေးပြီး ပုံမှန်သွေးတွင်းသကြားပမာဏကို ထိန်းသိမ်းနိုင်တာကြောင့် ဆီးချိုရောဂါ ဝေဒနာရှင်များ အသင့်အတင့် စားသောက်ပေးနိုင်ပါတယ်။

မုန်ညင်းစေ့မှာပါဝင်တဲ့ မပြည့်ဝဆီများက အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါတွေ အတွက် အကျိုးပြုပါတယ်။

မုန်ညင်းဆီမှာပါဝင်တဲ့ အကျိုးပြုဓာတ်ပေါင်းတွေဟာ သွေးတွင်း ကောင်းတဲ့အဆီ ပမာဏကို မြှင့်တင်ပေးပြီး သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချပေးနိုင်တာကြောင့် အစားအစာတွေမှာ မုန်ညင်းဆီ အသင့်အတင့် ထည့်စားခြင်းက သွေးကြောများအတွင်း အဆီများစုပုံခြင်းကို ကာကွယ်ပေးပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကာ သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

မုန်ညင်းစေ့မှာ အရိုးသိပ်သည်းဆနဲ့ သွားကြွေလွှာကြံ့ခိုင်မှုကို မြှင့်တင်ပေးတဲ့ ဆီလီနီယမ် ပါဝင်တာကြောင့် သွားနဲ့ အရိုးများအပြင် သွားဖုံး၊ ဆံပင်နဲ့ လက်သည်းများကို အားကောင်းစေပါတယ်။ မုန်ညင်းစေ့မှာပါတဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဓာတုပစ္စည်းတွေက သွားဖုံးရောင်ရမ်းခြင်းနဲ့ သွားဖုံးနာကျင်မှုတွေကို သက်သာစေပါတယ်။

မုန်ညင်းဆီကို အရေပြားမှာ လိမ်းခြင်းက အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အာဟာရ ဖြစ်စေတဲ့အပြင် ချွေးပေါက်များမှ အညစ်အကြေးများနဲ့ ဘက်တီးရီးယားများကို ရှင်းလင်းစေပြီး ခြောက်သွေ့မှုကင်းစင်ကာ အသားအရေကို စိုပြည်စေပါတယ်။

မုန်ညင်းစေ့မှာ ဝက်ခြံနဲ့ ယားယံခြင်းကို သက်သာစေတဲ့ ဓာတ်ပေါင်းများ ရှိတာကြောင့်  မုန်ညင်းဆီကို ပုံမှန်အသုံးပြုခြင်းဖြင့် အသားအရေကို တင်းရင်းချောမွတ်စေပြီး ကြည်လင်ဝင်းပစေကာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

အဆစ်အမြစ် နာကျင်ခြင်းအတွက် မုန်ညင်းဆီနွေးနွေးလေးနဲ့ အဆစ်တွေကို နှိပ်နယ်ပေးတာက ရောင်ရမ်းမှုကို လျော့ပါးစေပြီး တောင့်တင်းမှုကို သက်သာစေပါတယ်။

မုန်ညင်းဆီကို ဆားအနည်းငယ်နဲ့ရောပြီး ပလုတ်ကျင်းခြင်းက သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ခံတွင်းဘက်တီးရီးယားတွေကို လျှော့ချပေးနိုင်ပါတယ်။

မုန်ညင်းဆီကို ဦးရေပြားမှာ လိမ်းပေးတာက ဆံပင်ကို သန်စွမ်းစေတဲ့အပြင် မှိုနဲ့ ဘက်တီးရီးယားပိုးသတ်ဆေး ဂုဏ်သတ္တိများက ဆံပင်နီခြင်း၊ ယားယံခြင်းနဲ့ ထိပ်ပြောင်ခြင်း အပါအဝင် ဆံသားဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဗောက်ထခြင်းအတွက် အုန်းဆီနဲ့ မုန်ညင်းဆီကို ဆတူရောစပ်ပြီး ဦးရေပြားကို လိမ်းပေးနိုင်ပါတယ်။ အရေပြား အက်ကွဲခြင်း၊ အသားပပ်ခြင်းများမှာလည်း  မုန်ညင်းဆီကို လိမ်းပေးနိုင်ပါတယ်။

မုန်ညင်းပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ဓာတ်မတည့်သူများမှာ မုန်ညင်းဆီ သုံးစွဲခြင်းကြောင့် အင်ပျဉ်ထခြင်း၊ အရေပြားခြောက်သွေ့ပြီး ယားယံခြင်း၊ ရင်ကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ ပါးစပ်ယားယံခြင်းတို့ ဖြစ်စေနိုင်တဲ့အတွက် မုန်ညင်းနဲ့ ဓာတ်မတည့်သူများ ရှောင်ကြဥ်ပါ။

သိုင်းရွိုက်နဲ့ပတ်သက်တဲ့ ရောဂါအခံရှိသူများလည်း ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ မုန်ညင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024