Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် သခွားပင်
DVB
·
August 21, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် သခွားပင်အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

သခွားပင်ကို သိပ္ပံလို Cucumis sativus လို့ခေါ်ပြီး အင်္ဂလိပ်လို Cucumber လို့ ခေါ်ပါတယ်။ သခွားသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ မဂ္ဂနီဆီယမ် စတဲ့အာဟာရဓာတ်များနဲ့ flavonoid၊ lignan နဲ့ triterpene စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ကာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှု လျော့ချပေးခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်များကို လျော့ချပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ အစာလမ်းကြောင်းကျန်းမာရေး ကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေခြင်း၊ အသားအရေ ကောင်းခြင်း၊ မျက်လုံးများကို အကျိုးပြုခြင်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းနဲ့ ကင်ဆာကာကွယ်ခြင်း စတဲ့ အာနိသင်များ ပါဝင်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ သခွားပင်ရဲ့ အရွက်၊ အသီးနဲ့ အစ့တို့ကို သုံးစွဲကြပါတယ်။

သခွားသီးဟာ ကယ်လိုရီနည်းပြီး ရေနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် သခွားသီးစားသောက်တာက အချိန်ကြာကြာ ဗိုက်ဝနေအောင် ကူညီပေးတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ပြုပါတယ်။

သခွားသီးဟာ ရေဓာတ် ၉၅ ရာခိုင်နှုန်း နဲ့ ဖွဲ့စည်းထားပြီး အီလက်ထရွန်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကိုယ်လက် လှုပ်ရှားခြင်းကြောင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးပါတယ်။

သခွားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေနဲ့ ကင်ဆာမဖြစ်ပွားမီ ဆဲလ်တွေရဲ့ ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်တဲ့ cucurbitacin လိုမျိုး အာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် ကင်ဆာကို ကာကွယ်ပေးတယ်။ 

သခွားသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက triglyceride နဲ့ သွေးတွင်းမကောင်းတဲ့ အဆီများ လောင်ကျွမ်းမှုကို အားပေးတာကြောင့် သခွားသီးကို ပုံမှန်စားသုံးပေးတာက နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

သခွားသီးမှာ ရေ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ အများအပြား ပါဝင်လို့ သွေးကြောချဲ့ခြင်းကို အားပေးပြီး ပိုလျှံနေသော ဆိုဒီယမ်ကို ဆီးမှတဆင့် ဖယ်ရှားရာမှာ ကူညီပေးတာကြောင့် သွေးဖိအားကို လျှော့ချရာမှာ ကူညီပေးပြီး သွေးတိုးရောဂါဝေဒနာရှင်များ သခွားသီးစားသောက်ခြင်းက အကျိုးရှိပါတယ်။

သခွားသီးမှာ အမျှင်ဓာတ်ပါဝင်ပြီး glycemic index နည်းပါးတာကြောင့် သွေးတွင်းသကြားဓာတ်တွေ တက်လာတဲ့ အရှိန်ကို နှေးကွေးစေပြီး အင်ဆူလင်ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးတဲ့ cucurbita ပါဝင်လို့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပြီး ဆီးချိုရောဂါဝေဒနာရှင်တွေအတွက် အကျိုးပြုပါတယ်။

သခွားသီးသတ္တုရည်ကို အရေပြားမှာ လိမ်းပေးတာက အသားအရေကို နုပျိုလန်းဆန်းနေအောင် ကူညီပေးပါတယ်။ နေလောင်ဒဏ်ကို သက်သာစေပြီး ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းများကို လျှော့ချပေးနိုင်ပါတယ်။

သခွားသီးမှာ ပိုတက်စီယမ်၊ ရေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်သောကြောင့် သခွားသီးစားသောက်ခြင်းက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ရေဓာတ်ထိန်းသိမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဆီးမှတဆင့် ဆိုဒီယမ်နဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။

သခွားသီးဟာ အစာခြေလမ်းကြောင်းတလျှောက်မှာရှိတဲ့ အချဉ်ဓာတ်နဲ့ ဓာတ်ငွေ့များဖွဲ့စည်းခြင်းကို လျှော့ချပေးကာ အစာအိမ်အတွင်း ရောင်ရမ်းမှုကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။

သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်များစွာပါဝင်တာကြောင့် ဝမ်းပျော့စေပြီး ဝမ်းမှန်စေတဲ့အပြင် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

သခွားသီးမှာ ဗီတာမင် K အများအပြားပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေပြီး အရိုးဖွံဖြိုးမှုကို ထိန်းသိမ်းပေးကာ အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

သခွားသီး စားသုံးပေးတာက ရေငတ်တာနဲ့ ကိုယ်တွင်းပူလောင်တဲ့ ခံစားမှုတွေကို သက်သာစေပါတယ်။ သခွားသီးဖျော်ရည်က နေလောင်တာကို သက်သာစေပါတယ်။

သခွားစေ့ခြောက်မှုန့် ကော်ဖီဇွန်း ၂ ဇွန်းကို နွာနို့နဲ့သောက်ပေးတာက ကြွက်သားအားနည်းခြင်းကို သက်သာစေပါတယ်။

သခွားသီးကို ပါးပါးလှီးပြီး ခေါင်းပေါ်မှာ ကပ်ပေးတာက အိပ်မပျော်တာတွေ သက်သာစေပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း နဲ့ ဆီးအနည်ထိုင်ခြင်းအတွက် နံနက်မှာ သခွားသီးဖျော်ရည်တခွက် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ်နာနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းများမှာ သခွားရွက်သတ္တုရည်ကို လိမ်းဆေးအဖြစ်အသုံးပြုခြင်းက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

သခွားရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်း သောက်သုံးပေးတာက ဆီးသွားနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ပိုနေတဲ့ရေတွေကို ဖယ်ရှားပေးတဲ့အပြင် ရောင်ရမ်းခြင်းကို လျှော့ချနိုင်တဲ့အပြင် ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ရာမှာလည်း အထောက်အကူပြုပါတယ်။

သခွားသီးအသင့်အတင့် စားသောက်တာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ သခွားသီးကို အလွန်အကျွံ စားသုံးခြင်းက သခွားသီးမှာပါဝင်တဲ့ cucurbitacin က အစာမကြေခြင်းကို ဖြစ်စေပြီး ဗိုက်အောင့်ခြင်းနဲ့ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သခွားသီးနဲ့ ဓာတ်မတည့်သူများမှာ နှာစေးခြင်း၊ ပါးစပ် မျက်နှာ ရောင်ရမ်းခြင်း၊ လည်ချောင်းယားယံခြင်း စတဲ့ ဓာတ်တုံ့ပြန်မှုများ ကြုံတွေ့ရတတ်တာကြောင့် သခွားသီးနဲ့ ဓာတ်မတည့်သူများ ရှောင်ကြဥ်ဖို့လိုပါတယ်။

နွေဦးပြည်သူများ သခွားပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024