Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ခရမ်းချဉ်ပင်
DVB
·
September 11, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ခရမ်းချဉ်ပင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခရမ်းချဉ်ပင်ကို သိပ္ပံလို  Solanum lycopersicum လို့ခေါ်ပြီး အင်္ဂလိပ်လို  Tomato လို့ ခေါ်ပါတယ်။

ခရမ်းချဉ်သီးမှာ ပရိုတိန်း၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဗီတာမင် K နဲ့ ဖောလိတ် စတဲ့ အာဟာရ သတ္တုဓာတ်များနဲ့ Lycopene, Beta carotene ,Naringenin, Chlorogenic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တာ၊ သွေးတွင်း အဆီဓာတ် လျော့ကျစေတာ၊ သွေးပေါင်ကျစေတဲ့ အာနိသင်ရှိတာ၊ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာ၊ အဝလွန်တာနဲ့ ကိုယ်အလေးချိန်ကို လျှော့ချနိုင်တာ၊ မှိုသတ်ဆေး အာနိသင် တွေအပြင် ကင်ဆာရောဂါကို တိုက်ဖျက်တာ၊ ကင်ဆာဆဲလ်ကြီးထွားမှုကို လျှော့ချနိုင်တာ၊  ဆဲလ်အတွင်း ဗီဇပြောင်းလဲမှုကို ဆန့်ကျင်တာ၊ သွေးခဲတာကို ဟန့်တားတာစတဲ့ အာနိသင်တွေ ရှိပါတယ်။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး ဖြစ်တဲ့ ဘီတာကာရိုတင်းက ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် A အဖြစ်ကို ပြောင်းလဲသွားပြီး မျက်လုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ခရမ်းချဉ်သီးအရေခွံမှာ Naringenin ဓာတ်ပေါင်းပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး  ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးမှာ အစွမ်းထက်တဲ့ antioxidant ဒြပ်ပေါင်းတမျိုးဖြစ်တဲ့ chlorogenic acid ဟာ သွေးဖိအား မြင့်မားခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်မှာ ခုခံအားစနစ်ကို အထောက်အကူပြုတဲ့ ဗီတာမင် C နဲ့ beta-carotene, antioxidant တွေ ပါဝင်တာကြောင့် ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းက ကိုယ်ခံအားကို သိသိသာသာ တိုးမြင့်လာစေတဲ့အပြင် ဗိုင်းရပ်စ်တွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ Beta-carotene နဲ့ lycopene တို့ဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့အပြင် Antioxidant များက ဆဲလ်တွေမှာ DNA ပျက်စီးမှုကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို တားဆီးပေးပါတယ်။

ချက်ပြုတ်ထားတဲ့ ခရမ်းချဉ်သီး စားသုံးမှုမြင့်မားတဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ခရမ်းချဉ်သီးကဲ့သို့ ကစီဓာတ် မဟုတ်တဲ့ ဟင်းသီးဟင်းရွက်တွေ စားသောက်တာက ရင်သားအကျိတ်တွေနဲ့ အူမကြီး၊ အစာအိမ်၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း (ပါးစပ်၊ လည်ချောင်းနဲ့ နှာခေါင်း sinuses) ကင်ဆာတွေကို လျော့ပါးစေပါတယ်။

ခရမ်းချဉ်သီးစိမ်း၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ် နဲ့ သံလွင်ဆီတို့ကို သောက်ခြင်းဖြင့် စုစုပေါင်းသွေးတွင်းသကြားဓာတ်နဲ့ triglyceride ကို လျှော့ချပြီး ကောင်းတဲ့သွေးတွင်းအဆီကို တိုးပွားစေခြင်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေပြီး ကျန်းမာတဲ့ လူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သံလွင်ဆီဟာ lycopene စုပ်ယူမှုကို တိုးမြင့်စေတာကြောင့် ခရမ်းချဉ်သီးဆော့စ်နဲ့ သံလွင်ဆီမှာ အပြင်းထန်ဆုံး အာနိသင်ရှိပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးပေးခြင်းက သုက်ပိုးတွေရဲ့ လှုပ်ရှားမှုကို သိသိသာသာ တိုးစေပြီး  မျိုးအောင်ခြင်းအတွက် အထောက်အကူပြုပါတယ်။

ခရမ်းချဉ်သီးမှာပါဝင်တဲ့ cellulose၊ hemicelluloses နဲ့ pectin အမျှင်တွေက အူမကြီးအတွင်း အစာချေဖျက်ခြင်းကို ခံနိုင်ရည်ရှိတာကြောင့် ကျန်းမာတဲ့မစင်ကို ဖန်တီးပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးမှာပါဝင်တဲ့ lycopene ဓာတ်ပေါင်းက ဆဲလ်များပျက်စီးခြင်းနဲ့ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးကာ အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးပြီး ခရမ်းချဉ်သီးမှာပါတဲ့ အမျှင်ဓာတ်က အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်ကို တနေ့ ၁ ကြိမ်၊ ၁ ပတ် ၄ ကြိမ် သောက်သုံးပေးတာက မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးပြီး ကောင်းတဲ့သွေးတွင်အဆီ တိုးလာခြင်းနဲ့ သွေးတွင်းဂလူးကို့စ် ကို လျော့ကျစေပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ lycopene ဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနဲ့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ မှတ်ဉာဏ်နဲ့ တွေးခေါ်မှုတို့ကို ထိခိုက်စေတဲ့ အယ်လ်ဇိုင်းမားရောဂါ ကို ကာကွယ်ပေးနိုင်တယ်။

ခရမ်းချဉ်သီးဖျော်ရည်ဟာ အားကစားသမားတွေ နာလန်ထမှုကို တိုးတက်ကောင်းမွန်စေပါတယ်။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဖောလိတ်က သွေးနီဥဆဲလ်များဖွဲ့စည်းရာမှာ ကူညီပေးပြီး သွေးအားနည်းခြင်းမှ ကာကွယ်တဲ့အပြင် ပရိုတင်းနဲ့ တစ်ရှူးအသစ်တွေ ဖန်တီးရာမှာ ကူညီပါပေးတယ်။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က ခန္ဓာကိုယ်အတွင်း ပရိုတင်းတည်ဆောက်ရာမှာ ကူညီပေးတဲ့အပြင် နှလုံးနဲ့ သွေးဓာတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

ခရမ်းချဉ်သီးမှာ ဗီတာမင် C ပါဝင်တာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပြီး အနာကျက်မှုကို အားပေးကာ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကူညီပါတယ်။

ခရမ်းချဉ်သီးမှာ ဗီတာမင် K ပါဝင်လို့ သွေးခဲခြင်းကို ကူညီပေးပြီး အရိုးများကို သန်မာစေစေပါတယ်။

ခရမ်းချဉ်သီးစိမ်း စားသုံးတာ၊ သကြားမပါတဲ့ ခရမ်းချဉ်သီးဖျော်ရည်သောက်တာနဲ့ အစာမစားမီ ခရမ်းချဉ်သီးစွပ်ပြုတ်သောက်တာတွေက အမျှင်ဓာတ်နဲ့ ကယ်လိုရီနည်းတဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးကာ အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးတလုံးကို အလျားလိုက်ဖြတ်ပြီး ဖြတ်ထားတဲ့မျက်နှာပြင်ကို သကြားမှာနှစ်ပြီး  မျက်နှာပေါ်မှာ ပွတ်ပေးပါ။ အရေပြားကို သန့်စင်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ သဘာဝ Scrub တခုဖြစ်ပါတယ်။

ခရမ်းချဉ်သီးအနှစ်ကို မျက်နှာပေါ် လိမ်းပေးလိုက်ပြီး မိနစ် ၂၀ အကြာမှာ ရိုးရိုးရေနဲ့ ဆေးချလိုက်ပါ။ ခရမ်းချဉ်သီးရဲ့ lycopene အင်ဇိုင်းက အရေးအကြောင်းများ၊ ဝက်ခြံများ၊ ဝက်ခြံများနဲ့ အမာရွတ်တွေကို ကာကွယ်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးသန့်သန့် ၁ ဇွန်း၊ သံပုရာရည် ဇွန်းတဝက်၊ နနွင်းမှုန့် ၁ ဇွန်း၊ ဂျုံမှုန့် ဇွန်း ၄ ပုံ ၁ ပုံ တို့ကို ရောမွှေပြီး မျက်ခွံမှာ ပုံမှန်လိမ်းပေးပါက  မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။

လတ်ဆတ်တဲ့ ခရမ်းချဉ်သီးအရွက်မှာ မှိုသတ်ဆေးများ ပါဝင်လို့ ရောဂါပိုးရှိတဲ့ အရေပြားနေရာများမှာ ခရမ်းချဉ်ရွက်သတ္တုရည်ကို တနေ့ ၃ ကြိမ် လိမ်းပေးပါက ၆ ရက်အတွင်း မှိုပိုးကူးစက်မှု လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။

အရွက်သတ္တုရည်ကို ထိခိုက်တဲ့နေရာများမှာ လိမ်းတာက ၃-၄ ရက်မှာ ရောဂါပိုးဝင်တဲ့ အရေပြားမှာ တိုးတက်မှုရှိလာစေပါတယ်။

ခရမ်းချဉ်သီးအရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ‌ရေနွေးကြမ်းသောက်ပေးခြင်းက ကိုယ်တွင်းခုခံအားကို မြှင့်တင်ပေးပြီး ကျန်းမာလန်းဆန်း အသားအရေနုပျို စိုပြေစေ အိုမင်းရင့်ရော်မှု လက္ခဏာများကို နှေးကွေးစေပါတယ်။

ခရမ်းချဉ်သီးမှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ တချို့ ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်သူများမှာ ခံတွင်းယားယံခြင်း၊ လည်ချောင်းပူ/ရှခြင်း၊ ပါးစပ် /လည်ချောင်းရောင်ရမ်းခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကျုံ့ခြင်းနဲ့ ပြင်းထန်တဲ့ အခြေအနေများမှာ သေဆုံးခြင်း စတဲ့ ဓာတ်မတည့်မှုတုံ့ပြန်မှုများ ဖြစ်တတ်တဲ့အတွက် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်သူများ ခရမ်းချဉ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များလည်း ခရမ်းချဉ်သီး အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ ခရမ်းချဥ်သီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024