Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် သစ်တိုသီးပင်
DVB
·
October 16, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် သစ်တိုသီးပင်အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

သစ်တိုသီးပင်ကို သိပ္ပံလို sandoricum koetjape လို့ခေါ်ပြီး အင်္ဂလိပ်လို the santol, sentul or cotton fruit လို့ ခေါ်ကြပါတယ်။

သစ်တိုသီးမှာ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ သီယာမင်း၊ နိုင်ယာစင်နဲ့ ဗီတာမင် B, ဗီတာမင် C စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ sandoripins A-B, sanjecumins A-B နဲ့ sandrapins A-E တို့လို limonoids တွေနဲ့ sandoricin နဲ့ sandoripin, Sentulic acid နဲ့ koetjapic acid, flavonoid, triterpenes, tetracyclic triterpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ ဓာတ်မတည့်ခြင်းများကို သက်သာပျောက်ကင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားနဲ့ ပိုးသတ်ဆေးအာနိသင် ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာပြန့်ပွားမှုကို ဟန့်တားခြင်းနဲ့ ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

သစ်တိုသီးမှာ ဗီတာမင် B နဲ့ C အများအပြား ပါဝင်တာကြောင့် သွေးကြောမာတောင့်ခြင်းကို ကာကွယ်ပေးတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ antioxidant တခု ဖြစ်ပါတယ်။ ဗီတာမင်ဘီ အများအပြား ပါဝင်တာကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး မွေးရာပါ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတဲ့ ဖောလိတ် ပါရှိပါတယ်။

သစ်တိုသီးမှာ Sandoric Acid နဲ့ Bryonotic Acid အများအပြား ပါဝင်တာကြောင့် သစ်တိုသီးကို စားသုံးခြင်းဖြင့် ဓာတ်မတည့်မှုကို ကာကွယ် ကုသပေးပါတယ်။

သစ်တိုသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ ပက်တင် ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့ အဆီပမာဏကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။

သစ်တိုသီးမှာ အမျှင်ဓာတ်များစွာနဲ့ quercetin ဓာတ်ပေါင်းလည်း ပါဝင်လို့ ပရိုဘိုင်တစ် ဘက်တီးရီးယားများကို မြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးများနဲ့ ဖျားနာမှုများကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။

သစ်တိုသီးမှာ  သဘာဝ steroidal sapogenin နဲ့ alkaloids များ ပါဝင်တာကြောင့် အဖုများ၊ psoriasis အသားမာနာများနဲ့ အခြား အရေပြားရောဂါများကို ကုသရာမှာ ကူညီပေးတဲ့ သဘာဝ cortisone ဖြစ်တဲ့အတွက် သစ်တိုသီးပင်အရွက်ကို ထုထောင်းပြီး သတ္တုရည်ကို အသားအရေ ယားယံခြင်းတွေကို  ကုသရာမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သစ်တိုသီးဟာ ယားယံခြင်း အပါအဝင် မှိုပိုးဝင်ခြင်းများကို ကုသရာမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်ပါတယ်။

သစ်တိုသီးဟာ ခံတွင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယား အရေအတွက်ကို လျှော့ချပေးတာကြောင့် သွားပိုးစားခြင်းကို ကာကွယ်ပေးပြီး တံတွေးထုတ်လုပ်မှုကို တိုးမြင့်စေပါတယ်။

သစ်တိုသီးမှာ ဂလူးကို့စ်အညွှန်းကိန်း Glycemic Index နည်းပါးတာကြောင့် ဆီးချိုသမားများနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုသူများအတွက် အထူးသင့်လျော်ပါတယ်။

သစ်တိုသီးဟာ အစာလမ်းကြောင်း ရောင်ရမ်းခြင်းနဲ့ အခြားရောဂါများအတွက် အထူးကောင်းမွန်တဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဆေးလည်း ဖြစ်ပါတယ်။

သစ်တိုသီး စားသောက်ပေးတာက အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်တဲ့အစွမ်း ရှိပါတယ်။

ဝမ်းလျှောခြင်းအတွက် အမြစ်ပြုတ်ရည်ကို ရေနဲ့ ရှာလကာရည် ထည့်ပြီး ဝမ်းရပ်သွားသည်အထိ နေ့စဉ်သောက်ပါ။ ဒီဆေးရည်က အူကျုံ့ခြင်းများကို သက်သာစေပါတယ်။

သစ်တိုပင်အခေါက်ကို ပြုတ်ပြီး မိန်းမကိုယ်ပိုးဝင်ခြင်းနဲ့ မီးယပ်ဖြူဆင်းခြင်းများမှာ ဖန်ဆေးပေးနိုင်ပါတယ်။ သစ်တိုသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေဖျက်ရာမှာ အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် အစာခြေစနစ် ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

သစ်တိုသီးမှာ ပါဝင်တဲ့ ဖလဗွန်နွိုက်နဲ့ ဖီနိုလစ် ဓာတ်ပေါင်းများလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်အတွင်း အန္တရာယ်ရှိတဲ့ ဓာတ်တိုးပစ္စည်းများကို ခြေဖျက်ပေးကာ နာတာရှည်ရောဂါများနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုအန္တရာယ်ကို လျှော့ချပေးပါတယ်။

သစ်တိုသီးမှာပါဝင်တဲ့ ပိုတက်စီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြော ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

သစ်တိုသီးမှာပါဝင်တဲ့ ဗီတာမင် A က ဆဲလ်များ ပြန်လည်မွေးဖွားခြင်းနဲ့ အရေပြား တင်းရင်းမှုကို ထိန်းသိမ်းပေးခြင်းဖြင့် အသားအရေကျန်းမာရေးကို အထောက်အကူပြုပြီး သစ်တိုသီးကို ပုံမှန်စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေးအကြောင်းများကို တိုက်ဖျက်ပေးတဲ့အပြင် နုပျိုလန်းဆန်းစေပါတယ်။

သစ်တိုသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းသော်လည်း အလွန်အကျွံ စားသုံးခြင်းက တချို့ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်တာကြောင့် အသင့်အတင့်သာ စားသုံးသင့်ပါတယ်။ ဓာတ်မတည့်သူများမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖုများထခြင်းကဲ့သို့ တုံ့ပြန်မှုများနဲ့ ဝမ်းလျှောခြင်း၊ လေထိုးလေအောင့်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့ အစာခြေ ပြဿနာများနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အဆင်မပြေမှုများကိုလည်း ဖြစ်စေနိုင်တာကြောင့် သစ်တိုသီးနဲ့ ဓာတ်မတည့်သူများ သစ်တိုသီးပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ သစ်တိုသီးပင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြအပ်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013