Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဗုံလုံပင် ဆေးဖက်ဝင်
DVB
·
October 30, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဗုံလုံပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ဗုံလုံပင်ကို သိပ္ပံလို Trichosanthes cucumerina လို့ခေါ်ပြီး အင်္ဂလိပ်လို Snake gourd  လို့ ခေါ်ပါတယ်။

ဗုံလုံပင်မှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C၊ ဗီတာမင် E၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ဇင့်၊ သံဓာတ်၊ မဂ္ဂနိစ်၊ အိုင်အိုဒင်း စတဲ့ အာဟာရသတ္တုဓာတ်များ အပါအဝင် flavonoid, phenolic နဲ့ cucurbitacin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အဖျားကို တိုက်ဖျက်ခြင်း၊ သန်ကောင်ဝင်ရောက်ခြင်းကို ကာကွယ်ပေးခြင်း၊ အစာအိမ်ရောဂါကို ကာကွယ်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ဗုံလုံပင်ရဲ့ အသီး၊ အရွက်နဲ့ အမြစ် တို့ကို သုံးစွဲကြပါတယ်။

ဗုံလုံသီးဟာ ကယ်လိုရီနည်းပြီး အာဟာရဓာတ်များ ကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်တွေက ဝမ်းဗိုက်ကို ကြာရှည်စွာ ပြည့်ဝစေပြီး စားချင်စိတ်ကို လျှော့ချပေးကာ အဆီကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းအောင် ကူညီပေးတာကြောင့် ဗုံလုံသီးစားသောက်ခြင်းက ကိုယ်အလေးချိန် လျှော့ရာမှာ အထောက်အကူပြုပါတယ်။

ဗုံလုံသီးကို ချက်ပြုတ် စားသောက်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားများကို သန်မာစေကာ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

ဗုံလုံသီးဖျော်ရည် သောက်သုံးပေးတာက ကျောက်ကပ်မှ အရည်များထွက်ရှိမှုကို မြှင့်တင်ပေးကာ ကိုယ်တွင်းအညစ်အကြေးများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အပြင် ရေဓာတ်ကို ထိန်းညှိပေးပြီး ကျောက်ကပ်နဲ့ ဆီးအိမ် ပုံမှန်လုပ်ငန်းဆောင်တာများကို ကူညီပေးပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးအနည်ထိုင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ဗုံလုံသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာ၊ လေပွတာနဲ့ အစာအိမ် အောင့်ခြင်းတွေကို တားဆီးပေးနိုင်တဲ့အပြင် သဘာဝဝမ်းပျော့ဆေး အာနိသင်ရှိတာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုများကို ထိန်းညှိပေးပြီး အူမှာခံစားရတဲ့ မအီမသာမှုများကို သက်သာစေပါတယ်။ ဗုံလုံသီး စားသောက်ခြင်းက အစာခြေစနစ်ကို အားကောင်းစေပါတယ်။

ဗုံလုံသီးမှာ ပါဝင်တဲ့ဓာတ်များက သလိပ်နဲ့ အချွဲများကို အသက်ရှူလမ်းကြောင်းမှ ဖယ်ရှားနိုင်ပြီး အဆုတ်လုပ်ဆောင်မှုကို များစွာအကျိုးရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုများ၊ ပန်းနာရင်ကျပ်နဲ့ အသက်ရှူရခက်ခဲမှုများကိုလည်း ကာကွယ်ပေးပါတယ်။

ဗုံလုံသီးမှာ organic amine နဲ့ flavonoid ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်ကို မြှင့်တင်ခြင်းနဲ့ အန္တရာယ်ရှိစေတဲ့ ဓာတ်ကြွင်းများကို ဖယ်ရှားပေးပြီး ဦးနှောက်နဲ့ အာရုံကြောဆဲလ်များ ဓာတ်တိုးမှုကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် Gallic acid ကြွယ်ဝတာကြောင့် အာရုံကြောကာကွယ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု ဂုဏ်သတ္တိများ ပါဝင်လို့ စိတ်ပိုင်းဆိုင်ရာ လျော့ရဲခြင်းများ၊ အာရုံကြော တင်းတောင့် ထုံထိုင်းခြင်းနဲ့ စိတ်ဖိစီးမှုများကို သက်သာစေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးကာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာအောင် ကူညီပေးပါတယ်။

ရေပါဝင်မှု မြင့်မားပြီး အဆီနည်းတာကြောင့် ဗုံလုံသီးဖျော်ရည်ကို တနေ့ ၁ ကြိမ် သောက်သုံးပေးခြင်းဖြင့် အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကို ပြုပြင်ပေးခြင်းနဲ့ အစာအိမ်တွင်း ပိုလျှံအက်ဆစ်များကို ချေဖျက်ပေးကာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်နာခြင်း၊ ဝမ်းဗိုက်ပူခြင်း၊ ရင်ပူခြင်း  ခံစားမှုတို့ကို သိသိသာသာ သက်သာစေပါတယ်။

ဗုံလုံသီးဟာ ရေနဲ့ အဓိကဖွဲ့စည်းထားပြီး ဗီတာမင် B နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် နေ့စဉ် အစားအစာမှာ ထည့်သွင်း စားသောက်‌ေပးတာက  စွမ်းအင်ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းပေးကာ အမျိုးသမီးများမှာ သားဥပြွန်အရည်ကြည်အိတ် ဖြစ်ပွားမှုကို သက်သာစေပြီး ရာသီလာချိန် ကိုက်ခဲခြင်း၊ ရာသီမမှန်ခြင်းကို ပြုပြင်ပေးပြီး ဟော်မုန်းမညီမျှမှုကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။

ဗုံလုံစေ့ဟာ ခန္ဓာကိုယ်ရှိ အီလက်ထရိုလိုက်ကို ထိန်းညှိပေးတဲ့ အဓိကသတ္တုဓာတ်ဖြစ်တဲ့ ပိုတက်စီယမ်နဲ့ isoflavone ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနဲ့ သွေးကြောမျှင်များဆီသို့ အာဟာရဓာတ်များ ချောမွေ့စွာ စီးဆင်းမှုကို မြှင့်တင်ပေးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းမွန်စေကာ နှလုံးသွေးကြောများ တင်းမာမှု လွန်ကဲခြင်းကို လျေှာ့ချပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

ဗုံလုံစေ့ဟာ အစာအိမ်၊ အူလမ်းကြောင်းမှ ရောဂါပိုးမွှားများကို ဖယ်ရှားပေးပြီး အစာအိမ် ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းမှာ ဗုံလုံစေ့မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

ဗုံလုံစေ့မှာ အင်ဆူလင်လုပ်ဆောင်မှု၊ ပန်ကရိယ ဘီတာဆဲလ်များ ပေါင်းစပ်မှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း lycopene နဲ့ bioflavonoid ဂလူးကို့ဒ်များ များပြားစွာ ပါဝင်တာကြာင့် ဆီးချို သွေးချို ရောဂါ‌ဝေဒနာရှင်များ ဗုံလုံစေ့ အသင့်အတင့် စားသောက်ခြင်းက ဆီးချိုထိန်းသိမ်းရာမှာ အကျိုးပြုပါတယ်။

ဗုံလုံရွက် သတ္တုရည်ဟာ ဗီတာမင် E ပါဝင်လို့ နေလောင်ကွက်များနဲ့ အဖုများကို လိမ်းပေးခြင်းက အရေပြား ခြောက်သွေ့ခြင်းကို သက်သာစေပြီး နူးညံ့ပြီး အစိုဓာတ်ကို အပြည့်အဝရစေကာ အရပြားကို ချောမွေ့စေပါတယ်။ အရေပြားအနာများ၊ အစက်အပြောက်များ၊ အဖုများနဲ့ တင်းတိတ်များကိုလည်း လျှော့ချပေးပါတယ်။

ဗုံလုံရွက် သတ္တုရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ် များစွာပါဝင်ပြီး ဦးရေပြားကို လိမ်းပေးခြင်းက ဆံကေသာကို အာဟာရဖြစ်စေပြီး သန်စွမ်းစေပါတယ်။ အလွန်အကျွံ ဗောက်ထခြင်းကို သက်သာစေတဲ့အပြင် ဦးရေပြားယားယံပြီး ဆံပင်ခြောက်သွေ့ ကွဲထွက်တာတွေကို ပုံမှန်လိမ်းပေးရင် ဆံပင်ရဲ့အသွင်အပြင်ကို သိသိသာသာ ပြန်လည်ပြုပြင်ပေးနိုင်ပြီး တောက်ပြောင်လာစေပါတယ်။

ဗုံလုံရွက်မှာ ပါဝင်တဲ့ အပင်ဓာတ်ပေါင်းများက အပူချိန်ကို လျှော့ချနိုင်တဲ့ အာနိသင် ရှိတာကြောင့်  ကိုယ်ပူဖျားနာခြင်းများမှာ ဗုံလုံရွက် သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးပြီး သတ္တုရည်ကို လိမ်းကျံပေးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကျစေပြီး ပင်ပန်းနွမ်းနယ်မှု လက္ခဏာများကို သက်သာစေပါတယ်။

ဗုံလုံရွက်မှာ cucurbitacin ဓာတုဓာတ်ပေါင်း ပါဝင်ပြီး ကိုယ်တွင်း ခုခံအားစနစ်နဲ့ အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။ အသားဝါခြင်းအတွက် ဗုံလုံရွက်ကို နံနံစေ့နဲ့ ကြိတ်ချေပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် စားသုံးပေးနိုင်ပါတယ်။

ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများအတွက် ဗုံလုံသီးဖျော်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ပုံမှန် နေ့စဉ်လှုပ်ရှားမှုများ လုပ်ဆောင်ရာမှာ အခက်အခဲများကို သက်သာရာရစေပါတယ်။

ဗုံလုံသီးဖျော်ရည်မှာ ဗီတာမင် B6(Pyridoxine) ပါဝင်တာကြောင့် ဦးနှောက်အာရုံကြော လုပ်ဆောင်ချက်ကို ကောင်းစေပြီး အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်းများမှာ ဗုံလုံသီးဖျော်ရည် ၁ ခွက် သောက်ပေးခြင်းက အိပ်ပျော်စေပါတယ်။

ဗုံလုံစေ့ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဒဏ်ရာများနဲ့ ယားယံမှုများကို သက်သာစေပါတယ်။ အစာအိမ်ရောဂါကို ကာကွယ်ပေးပြီး အစာအိမ်သန်ကောင်များကို ချေဖျက်ပေးနိုင်ပါတယ်။ သွေးတွင်းဂလူးကို့စ်ပမာဏကို လျှော့ချပေးပါတယ်။ ဆီးချိုရောဂါရှိသူများအတွက် အထူးကောင်းမွန်ပါတယ်။

ဗုံလုံသီးကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့  အလွန်အကျွံ စားသုံးခြင်းက ရင်ပြည့် ရင်ကယ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဗုံလုံသီးနဲ့ ဓာတ်မတည့်သူများ ဗုံလုံပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဗုံလုံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024