Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဝက်ချေးပနဲပင် (တတိုင်းမွှေး) ဆေးဖက်ဝင်
DVB
·
November 20, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဝက်ချေးပနဲပင် (တတိုင်းမွှေး) ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဝက်ချေးပနဲ(တတိုင်းမွှေး)ပင် ကို သိပ္ပံလို Sida acuta Burm လို့ ခေါ်ပြီး အင်္ဂလိပ်လို Common Wireweed, Teaweed, Ironweed, Southern Side စသဖြင့် ခေါ်ကြပါတယ်။  

ဝက်ချေးပနဲပင်မှာ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ မန်းဂနိစ်၊ ကြေးနီ နဲ့ ဇင့် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ Alkaloid, Flavonoid, Triterpenoid, Saponin,Phenolic compound, caffeic acid, chlorogenic acid, ephedrine နဲ့ vasicine quercetin နဲ့ kaempferol Lupeol နဲ့ betulin ကဲ့သို့တဲ့ triterpenoids sidaoside နဲ့ acutoside ကဲ့သို့တဲ့ saponins စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ခုခံအားစနစ်ကို ပံ့ပိုးခြင်း၊ သွေးတိုးကျစေခြင်း၊ ဆီးချိုကျစေခြင်း၊ အ အစာခြေကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အသက်ရှုလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးရွှင်စေခြင်း၊ အဆိပ်ပြေစေခြင်း၊ ခွန်အားတိုးစေခြင်း စတဲ့ အာနိသင်ရှိ်ပါတယ်။

ဝက်ချေးပနဲပင်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများရှိပြီး အဆစ်အမြစ် တောင့်တင်း နာကျင်ခြင်းများမှာ ဝက်ချေးပနဲရွက်ကို ရေနွေးကြမ်းပြုလုပ်ပြီး ချင်း(ဂျင်း)အနည်းငယ်ထည့်ကာ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ အရွက်ကို ကြိတ်ချေပြီး အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို လိမ်းပေးခြင်းဖြင့်  သက်သာစေပါတယ်။

ဝမ်းလျှောခြင်းနဲ့ အစာမကြေခြင်းတို့အတွက် အရွက်ခြောက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို  နနွင်းမှုန့် ကော်ဖီဇွန်းဝက်ထည့်ပြီး ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကိုယ်ပူဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နှာစေး၊ ဖျောင်းဆိုး၊ အဆုတ်ပွ  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများမှာ အရွက်နဲ့ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ဆီးသီးမှုန် ၁ ဇွန်း၊ ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့  ညအိပ်ရာဝင်ချိန် သောက်ပေးခြင်းဖြင့် ပါကင်ဆန်ရောဂါကို သက်သာစေပါတယ်။ အမြစ်သွေးရည်ကို သွေးစုနာများမှာ  လိမ်းပေးနိုင်ပါတယ်။

အရွက် သတ္တုရည်ကို မျက်စိနာခြင်းအတွက် ကွင်းပြီး လိမ်းပေးနိုင်ပါတယ်။ ထိခိုက်ရှနာများမှာ လည်း အရွက်သတ္တုရည်ကို လိမ်းကျံပေးခြင်းက ရောဂါပိုးမွှားကင်းစင်စေပြီး အနာကျက် မြန်စေပါတယ်။

ဆီးနီ၊ ဆီးဝါ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးကျင်၊ ဆီးပူရောဂါများမှာ အရွက် ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဓာတုဆေးဝါးများကြောင့် အသည်းထိခိုက်ခြင်း၊ အသားဝါခြင်းတို့အတွက် အမြစ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါမှာ အပင်တပင်လုံး ပြုတ်ရည်ကို တခါသောက်  ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် အနည်းငယ်ထည့်ပြီး ညအိပ်ခါနီး သောက်ပေးခြင်းက လိင်ပိုင်းဆိုင်ရာ ခွန်အားကို တိုးစေပြီး သုက်ကောင်အရေအတွက်ကို တိုးစေတာကြောင့်  အမျိုးသားမျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ဝက်ချေးပနဲပင်မှာ အဆိပ်ဖြေအာနိသင်ရှိတာကြောင့် ဆေးဝါးလက်လှမ်းမမီတဲ့ နေရာများမှာ အဆိပ်ရှိသတ္တဝါကိုက်ခံရပါက အပင်တပင်လုံးပြုတ်ရည်ကို အခြေအနေပေါ်မူတည်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို နားရီဝက်ခြား ၁ ခွက်နှုန်း ၃ ကြိမ်၊ တနာရီခြား ၁ ခွက်နှုန်း ၃ ကြိမ်၊ ၂ နာရီခြား ၁ ခွက်နှုန်း ၃ ကြိမ် စသဖြင့် ဂရုတစိုက် တိုက်ကျွေး ပြုစုရပါမယ်။ အရွက်ကို ထုထောင်းပြီး ဒဏ်ရာပေါ်မှာ စည်းပေးပြီး ၃ နာရီခြားတခါ လဲလှယ် ပေးရပါမယ်။ အဆိပ်ကို လျော့ပါးစေပြီး အသက်အန္တရာယ် ထိခိုက်နှုန်းကို လျော့ကျစေပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များ သွေးတွင်းသကြားပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး အရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ်နဲ့ လည်ချောင်းနာခြင်းများအတွက် အရွက်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှ ချွဲသလိပ်များကို ရှင်းထုတ်ရာမှာ ကူညီပေးပါတယ်။

လိပ်ခေါင်းရောဂါမှာ  အရွက်ပြုတ်ရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

ဝက်သက်ရောဂါမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးပြီး အရွက်ပြုတ်ရည်ဖြင့် ချိုးပေးနိုင်ပါတယ်။

ဝက်ချေးပနဲရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်း ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်ခံအားကို မြင့်တင်ပေးပြီး ကူးစက်ရောဂါများကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့အပြင် အာရုံကြောကို အားကောင်းစေခြင်၊ ကောင်းစွာအိပ်ပျော်စေခြင်း၊ အမျိုးသမီးများမှာ သားအိမ်ကင်ဆာ သားအိမ်အဖုအကျိတ်နဲ့ အရေကြည်အိတ်ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများကိုလည်း လျော့ပါးသက်သာစေပါတယ်။ 

ဒါ့အပြင် အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေတာကြောင့် လည်ချောင်းနာ၊ ပန်းနာရင်ကျပ် နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို တားဆီးပေးပြီး  အဆုတ်အတွင်း ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ 

အသည်းနဲ့ ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွေးတွင်းအဆီကို ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် အဝလွန်ခြင်းကိုလည်း ဟန့်တားပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း နဲ့ နာတာရှည်ရောင်ရမ်းခြင်းများကို လျှော့ချပေးနိုင်တာကြောင့် ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါတို့ကိုလည်း တားဆီးပေးပါတယ်။

ဝက်ချေးပနဲကို အသင့်အတင့် သုံးစွဲခြင်းက ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲပါက မူးဝေခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးသွားရခက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်မြန်ခြင်း ရောဂါရှိသူများ ဝက်ချေးပနဲကို သုံးစွဲခြင်းမပြုသင့်ပါ။ ကိုယ်ဝန်ဆောင်နဲ့ မိခင်နို့တိုက်မိခင်များ ဝက်ချေးပနဲကို သုံးစွဲခြင်းမပြုသင့်ပါ။ ဝက်ချေးပနဲပင်နဲ့ ဓာတ်မတည့်သူများ ဝက်ချေးပနဲပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဝက်ချေးပနဲပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013