ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပဲစောင်းလျားပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပဲစောင်းလျားပင်ကို သိပ္ပံလို Psophocarpus tetragonolobus လို့ခေါ်ပြီး အင်္ဂလိပ်လို winged bean, cigarillas, goa bean, four-angled bean, four-cornered bean, manila bean, princess bean, star bean, kamrangi bean, pea, dragon bean စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။
ပဲစောင်းလျားသီးမှာ သံ၊ ကြေးနီ၊ မန်းဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်နဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ပရိုတင်း၊ ဆီလီနီယမ်၊ ဆိုဒီယမ်၊ ဗီတာမင် A၊ ဗီတာမင် B1 (Thiamin)၊ ဗီတာမင် B2 (Ribofla)၊ ဗီတာမင် B5 (Pantothenic Acid), ဗီတာမင် B6 (Pyridoxine), ဗီတာမင် B9 (Folate), ဗီတာမင် C, ဇင့်၊ စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ Docosenoic Acid, Hexadecanoic Acid, phytic acid, Octadecanoic Acid, Tetradecanoic Acid, polyphenol, flavonoid, saponin, tannin, oxalate, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ မျက်လုံး ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အစာချေဖျက်ရာတွင် ကူညီပေးခြင်း၊ ကြွက်သားများကို တည်ဆောက်ကူညီပေးခြင်း၊ ဟေမိုဂလိုဘင်အဆင့်ကို မြှင့်တင်ပေးခြင်း၊ အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးကို အကျိုးပြုခြင်း၊ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ပဲစောင်းလျားပင်ရဲ့ အရွက်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။
လတ်ဆတ်တဲ့ ပဲစောင်းလျားသီးနုဟာ ဖောလိတ်ဓာတ်ကြွယ်ဝပြီး ကိုယ်ဝန်ဆောင် ကျန်းမာရေးကို မြှင့်တင်ပေးကာ မွေးကင်းစကလေးငယ်ကို အာရုံကြောပြွန်ချို့ယွင်းမှုမှ ကာကွယ်ပေးနိုင်ပါတယ်။
လတ်ဆတ်တဲ့ ပဲစောင်းလျားသီးမှာ ဗီတာမင်စီ ပါဝင်လို့ လုံလုံလောက်လောက် စားသုံးခြင်းက ရောဂါပိုးမွှားများကို ခုခံနိုင်စွမ်းရှိခြင်း၊ သွေးကြောများ ပျော့ပျောင်းမှုကို ထိန်းသိမ်းပေးခြင်း၊ ဆဲလ်များကို ပျက်စီးစေပြီး ရောဂါဖြစ်စေနိုင်တဲ့ ဓာတ်ကြွင်းပစ္စည်းများကို တိုက်ဖျက်ပေးကာ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးဖြူဥများရဲ့ လုပ်ဆောင်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။
ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ ဗီတာမင်အေဟာ ခန္ဓာကိုယ်အတွင်းရှိ အကျိအချွဲများကို ကာကွယ်ပေးပြီး ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး ရောင်ရမ်းမှုကိုလည်း တိုက်ဖျက်ပေးတဲ့အပြင် ဗီတာမင်ဘီလည်း ပါဝင်လို့ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းပေးပါတယ်။
ဒါ့အပြင် ဗီတာမင် A က မျက်ကြည်လွှာကို အစိုဓာတ်ထိန်းပေးပြီး အမြင်အာရုံကို ကျန်းမာစေကာ ဗီတာမင် B1 (thiamine) လည်း ပါဝင်လို့ မျက်စိကျန်းမာရေးကို မြှင့်တင်ပေးပြီး ရေတိမ်နဲ့ အတွင်းတိမ် အပါအဝင် အမျိုးမျိုးသော မျက်စိပြဿနာများကို ကာကွယ်နိုင်ပါတယ်။ ဗီတာမင် A နည်းပါးခြင်းကြောင့် ကြက်မျက်သင့်ခြင်း အပါအဝင် အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို တားဆီးပေးပါတယ်။
ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အစာအိမ်အတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများကို အာဟာရ ဖြည့်ပေးတာကြောင့် အစာခြေစနစ် ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ အမျှင်ဓာတ်က အူသိမ်အတွင်းရှိ အဆီဓာတ်ကို သွေးကြောထဲသို့ စုပ်ယူခြင်းကို တားဆီးပေးခြင်းဖြင့် သွေးတွင်းအဆီကို လျှော့ချပေးနိုင်ပါတယ်။
ပဲစောင်းလျားသီးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ပဲစောင်းလျားသီးကို စားသုံးခြင်းက ကြွက်သားတည်ဆောက်ခြင်းကို အထောက်အကူပြုပါတယ်။
ပဲစောင်းလျားသီးမှာ ဟေမိုဂလိုဘင် ဖွဲ့စည်းမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ကြွယ်ဝတာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။
ပဲစောင်းလျားသီးမှာပါတဲ့ ဗီတာမင် C ဟာ အရေပြားအတွက် အဓိက ပရိုတင်းဓာတ်ဖြစ်တဲ့ ကော်လာဂျင် ဖွဲ့စည်းမှုကို မြှင့်တင်ပေးခြင်းနဲ့ ရေဓာတ်ကို ထိန်းပေးကာ အသားအရေ တင်းရင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို တားဆီးပေးခြင်းဖြင့် အသားအရေကို ပြန်လည်နုပျိုစေပါတယ်။ ဗီတာမင် A က အရေပြားပျက်စီးခြင်းမှ ကာကွယ်ပေးကာ အရေပြား လျော့တွဲခြင်း၊ အရေးအကြောင်းများနဲ့ ညိုမဲခြင်းများကို လျှော့ချပေးနိုင်ပါတယ်။
ပဲစောင်းလျားသီးမှာ လုံလောက်တဲ့ ဖောလစ်အက်ဆစ်၊ အာဟာရဓာတ် ပါဝင်တာကြောင့် သန္ဓေသား ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုပြီး သားဥပြွန်ဆိုင်ရာ ချို့ယွင်းချက်များကို ကာကွယ်ပေးတဲ့အပြင် ကလေးမွေးဖွားခြင်းကြောင့် မိခင်သွေးဆုံးရှုံးမှုနဲ့ သံဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းပေးပါတယ်။ ဖော့စဖရပ်၊ ဖရပ်တို့စ်နဲ့ လတ်တို့ အာဟာရဓာတ်များ ပါဝင်တာကြောင့် စွမ်းအင်အဆင့်ကို မြှင့်တင်ပေးပါတယ်။ ပရိုတင်းနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။
ပဲစောင်းလျားသီးမှာ ကယ်လ်စီယမ် ပါ၀င်ပြီး အရိုးနဲ့ သွားကို ကြံ့ခိုင်စေပါတယ်။ ပဲစောင်းလျားသီး စားသောက်ခြင်းက အရိုးကျန်းမာရေးကို မြှင့်တင်ပေးပြီး အရိုးပွရောဂါကို ကာကွယ်နိုင်ပါတယ်။
ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် D များက ဂလူးကို့စ် ဇီဝဖြစ်ပျက်မှုကို ထိန်းပေးကာ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချရာမှာ ကူညီပေးတဲ့အပြင် ပန်ကရိယမှ အင်ဆူလင်ကို ထုတ်လုပ်ဖြန့်ဝေရာမှာ ကူညီပေးတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးကာ ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အကျိုးရှိပါတယ်။
ပဲစောင်းလျားသီးမှာ ဗီတာမင် A, C, D နဲ့ B ဗီတာမင်နဲ့ ကော့ပါး၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ မန်းဂနိစ်နဲ့ သံဓာတ် စတဲ့ မရှိမဖြစ် သတ္တုဓာတ်များ ပါဝင်လို့ ပဲစောင်းလျားသီးကို ပုံမှန်စားသုံးပေးတာက အာဟာရချို့တဲ့မှု အမျိုးမျိုးကို တားဆီးပေးနိုင်ပါတယ်။
ပဲစောင်းလျားသီးမှာ ပိုတက်စီယမ် ကြွယ်ဝပြီး သွေးလွှတ်ကြောနံရံများအတွင်း တင်းမာမှုကို လျှော့ချပေးကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုးရောဂါဝေဒနာရှင်များ ဓာတ်စာအဖြစ် စားသောက်နိုင်ပါတယ်။
ပဲစောင်းလျားသီးဟာ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် အအေးမိဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။
ပဲစောင်းလျားသီးကို ပုံမှန်စားသုံးပေးခြင်းက ရောင်ရမ်းခြင်းနဲ့ ညောင်းညာခြင်း၊ ကြွက်သားအားနည်းခြင်း၊ ထုံကျဉ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို သက်သာစေပါတယ်။ လိင်စိတ်ဆုံးရှုံးခြင်း၊ အားနည်းခြင်းကို သက်သာစေပြီး သုက်ပိုးအရေအတွက်ကို တိုးပွားစေပါတယ်။
လည်ချောင်းနဲ့ နားရောင်ရမ်းခြင်းအတွက် ပဲစောင်းလျားသီးပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက် ပင်စည်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပဲစောင်းလျားအရွက်မှာ ဗီတာမင် A၊ ဗီတာမင် B1 (Thiamin) နဲ့ ဗီတာမင် B2 (Riboflavin)၊ ဗီတာမင် B3 (Niacin)၊ ကယ်လ်စီယမ်၊ ကြေးနီနဲ့ သံဓာတ်ကြွယ်ဝပြီး ကစီဓာတ်နဲ့ ပရိုတင်းဓာတ်လည်း ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆဲလ်နဲ့ တစ်ရှူးများ ကြီးထွားဖွံ့ဖြိုးလာစေခြင်း၊ အမြင်အာရုံကို ဖွံ့ဖြိုးစေခြင်း စတဲ့အကျိုးကျေးဇူးများ ရှိပါတယ်။
ပဲစောင်းလျားသီး အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် ရင်ပြည့်/ရင်ကယ်၊ လေထိုး/လေအောင့်၊ လေချုပ်၊ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပဲစောင်းလျားသီးနဲ့ ဓာတ်မတည့်သူများ ပဲစောင်းလျားပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ပဲစောင်းလျားပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။