Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ပတဲကောပင် ဆေးဖက်ဝင်
DVB
·
December 4, 2024

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပတဲကောပင် ဆေးဖက်ဝင် အကြောင်းကို လက်တကမ်း ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ပတဲကောပင်ကို သိပ္ပံလို Alpinia galanga လို့ခေါ်ပြီး အင်္ဂလိပ်လို galangal, greater galangal, lengkuas and blue ginger လို့ ခေါ်ကြပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ပတဲကောပင်ရဲ့ အရွက်၊ ဥနဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။

စွမ်းအင်၊ ဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ Thiamine (B1), Riboflavin (B2), Niacin (B3), ဗီတာမင် B6, ဗီတာမင် C, သံဓာတ်, ကယ်လ်စီယမ်, မဂ္ဂနီဆီယမ်, မန်းဂနိစ်, ဖော့စဖရပ်, ပိုတက်စီယမ်, ဆိုဒီယမ်, ဇင့်, ကြေးနီ စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ flavonoid, carotene, spermidine, catechin myricetin, eugenol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောဂါပိုးမွှားတိုက်ဖျက်ခြင်း၊ သွားနဲ့ အရိုး ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ရောင်ရမ်းမှုဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကင်ဆာကို ကာကွယ်ပေးခြင်း၊ အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အဆုတ်စွမ်းအားကို ကောင်းမွန်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ပတဲကောကို ပုံမှန်အစားအစာနဲ့အတူ စားသုံးခြင်းက ကျန်းမာတဲ့ လူကြီးများအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ပတဲကောမှာ ပိုတက်စီယမ် ပါဝင်မှုနှုန်း မြင့်မားတာကြောင့် ပုံမှန်သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးပြီး နှလုံးကြွက်သား လှုပ်ရှားမှုကို မြှင့်တင်ပေးခြင်း၊ မကောင်းတဲ့ သွေးတွင်းအဆီ ပမာဏကို လျှော့ချပေးပြီး ကောင်းတဲ့အဆီအဆင့်ကို မြှင့်တင်ပေးကာ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ပတဲကောမြစ်မှာ မဂ္ဂနီဆီယမ် ပါဝင်မှု သိသိသာသာ မြင့်မားတာကြောင့် ကြွက်သားလုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကြွက်သားများ ကြွက်တက်ခြင်းမှ သက်သာစေပါတယ်။ လတ်ဆတ်တဲ့ ပတဲကောကို စားသုံးခြင်းက ပြင်းထန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပြီး အဆိပ်အတောက်များ စုပုံလာခြင်းကို တားဆီးပေးကာ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်းဖြင့် အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ တို့ကို ကာကွယ်ပေးပါတယ်။

ပတဲကောဥမှာ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း bioflavonoid ပါဝင်တာကြောင့် ပန်ကရိယနဲ့ အူလမ်းကြောင်းကင်ဆာများရဲ့ လက္ခဏာများကို သိသိသာသာ လျော့နည်းစေတဲ့အပြင် ပိုလျှံနေတဲ့ အီစထရိုဂျင်ကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည်က ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။ ပတဲကောမှာ ပါဝင်တဲ့ အမျှင်ဓာတ်များက အူမကြီးကင်ဆာကို ကာကွယ်ပေးပြီး အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပတဲကောမှာ အမျှင်ဓာတ်များ ပါဝင်လို့ များများစားသုံးတာက ဝမ်းမှန်ပြီး ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းကဲ့သို့ အူလမ်းကြောင်းဆိုင်ရာ အခြေအနေများကိုလည်း ထိရောက်စွာ သက်သာစေပါတယ်။

ပတဲကောမှာ ပိုတက်စီယမ် မြင့်မား ပါဝင်တာကြောင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနဲ့ တစ်ရှူးများမှ သတ္တုဓာတ်များ စုပ်ယူမှုကို အားကောင်းစေခြင်းဖြင့် အရိုးကျန်းမာရေးကို ဖြည့်ဆည်းပေးပါတယ်။

ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် ဆီးအိမ်ရောင်ရမ်းခြင်းအတွက် ပတဲကောမှုန့် ကော်ဖီ ၁ ဇွန်းကို ကျောက်ဖရုံသီးဖျော်ရည် ၁ ဖန်ခွက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်မှ အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းပစ္စည်းများနဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တာကြောင့် အစာခြေစနစ်အတွင်းရှိ ကျန်းမာတဲ့ဆဲလ်များ ဓာတ်တိုးခြင်းကို ရှောင်ရှားရန် ကူညီပေးပြီး ခန္ဓာကိုယ်တွင်းရှိ မလိုအပ်တဲ့ အညစ်အကြေးများနဲ့ မလိုအပ်တဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပြီး စနစ်အတွင်း ၎င်းတို့၏ စုပုံလာခြင်းကို ကာကွယ်ပေးပါတယ်။

ပတဲကော စားသောက်တာက အစားအစာများမှ သံဓာတ်ကို လုံလောက်စွာ စုပ်ယူနိုင်တာကြောင့် သွေးနီဥဆဲလ်များ ပေါင်းစပ်မှုနဲ့ သွေးလမ်းကြောင်းကို မြှင့်တင်ပေးကာ သွေးအားနည်းရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ပတဲကောမှာ အမိုင်နိုအက်ဆစ်များစွာ ပါဝင်ပြီး အရေပြားဆဲလ်များ ကျန်းမာရေးညီညွတ်အောင် ကူညီပေးပြီး အရေပြားနီခြင်းနဲ့ ရောင်ရမ်းခြင်းများကို တားဆီးပေးတဲ့အပြင် flavonoid ပါဝင်မှု မြင့်မားတာကြောင့် ဓာတ်ကြွင်းပစ္စည်းများကို တိုက်ဖျက်ပေးကာ ဝက်ခြံ၊ အမာရွတ်များနဲ့ အမည်းစက်များကို လျော့ပါးစေပြီး အရေပြားယားယံမှုကို လျှော့ချရာမှာ ကူညီပေးပါတယ်။

ပတဲကောမှာ ပါဝင်တဲ့ spermidine က အရေပြားဆဲလ်များ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှောင့်နှေးစေပြီး flavonoid carotene စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အရေးအကြောင်းများ၊ လိုင်းများနဲ့ အရေပြားနေလောင်ခြင်းကို လျှော့ချပေးပါတယ်။ ပတဲကော လက်ဖက်ရည်နွေးနွေး ၁ ခွက် သောက်ခြင်းက collagen ထုတ်လုပ်မှုကို မြှင့်ပေးတာကြောင့် အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးကာ အရေပြား ပျော့ပျောင်းစေပြီး တင်းရင်းစေပါတယ်။

ပတဲကောဟာ ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါများကဲ့သို့ နှလုံးရောဂါများအတွက် အကောင်းဆုံးဆေးတလက် ဖြစ်ပြီး နှလုံးရောဂါဝေဒနာရှင်များအတွက် ပတဲကောဥအမှုန့် ကော်ဖီဇွန်း ၂ ဇွန်းစာ သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာမှာ အခက်အခဲများကို သက်သာရာ ရစေပါတယ်။

ပတဲကောမှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်းများက ကိုယ်အပူချိန်ကို လျှော့ချနိုင်တာကြောင့် အဖျားကြီးနေသူကို အရွက်နဲ့ ပွတ်တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပြီး ပင်ပန်းနွမ်းနယ်မှု လက္ခဏာများကို ချက်ချင်းသက်သာစေပါတယ်။ ဒါ့အပြင် ဖျားနေချိန်မှာ ပုံမှန်ဇီဝဖြစ်ပျက်မှုကို ထိခိုက်စေတဲ့ ပိုလျှံနေတဲ့ ရေနဲ့ ဆားများကို ဖယ်ရှားပေးကာ ကိုယ်တွင်းရည်ကို ဟန်ချက်ညီအောင် ကူညီပေးပါတယ်။

ပတဲကောရွက်မှာ polyphenol၊ tannin နဲ့ quercetin သတ္တုဓာတ်များ ပါဝင်ပြီး ဗီတာမင်စီ ပမာဏ ထူးထူးခြားခြား ပါဝင်လို့ ကိုယ်တွင်းခုခံအားစနစ်နဲ့ အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးတာကြောင့်  အသားဝါခြင်းအတွက် ပတဲကောရွက်နဲ့ နံနံစေ့တို့ကို ကြိတ်ချေပြီး တခါသောက် ကော်ဖီ ၂ ဇွန်း တနေ့ ၂ ကြိမ် စားသုံးပေးနိုင်ပါတယ်။

အစားအသောက်မှာ လိုအပ်တဲ့ ဗီတာမင်စီ အာဟာရချို့တဲ့ပါက သွားဖုံးသွေးယိုခြင်းနဲ့ တစ်သျှူးများ ယိုယွင်းလာနိုင်ပြီး ကော်လာဂျင် လျော့နည်းခြင်းကြောင့် သွားဖုံးမှာရှိတဲ့ အရေပြားအလွှာများ ယိုယွင်းပြီး သွားဖုံးနဲ့ သွားများကို ပျက်စီးစေပါတယ်။ ပတဲကော စားသောက်ခြင်းက သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးပါတယ်။

pectin ကြွယ်ဝတာကြောင့် သွေးကြောအတွင်း မလိုလားအပ်တဲ့ အနည်များကို ရှင်းလင်းပေးခြင်း၊ မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးကာ ကောင်းတဲ့ သွေးတွင်းအဆီ မြင့်တက်စေပြီး ပိုတက်စီယမ်က သွေးတွင်း ဓာတုညီမျှမှုကို ထိန်းညှိပေးကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် ပတဲကောသတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ သောက်ပေးခြင်းက သွေးတိုးရောဂါရှိသူများကို ကူညီပေးပြီး နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။

ပတဲကောဥဟာ အိုင်အိုဒင်း ပါဝင်မှု အလွန်များပြားတဲ့အပြင် သိုင်းရွိုက်ဟော်မုန်း မြင့်မားမှုကို လျှော့ချရာမှာ အရေးပါတဲ့ ဇင့်ဓာတ်လည်း ပါဝင်လို့ သိုင်းရွိုက် လုပ်ဆောင်ချက်ကို ထိန်းသိမ်းပေးပါတယ်။

ပတဲကောမှာ ကာရိုတင်းပါဝင်မှု မြင့်မားတာ‌ကြောင့် ပြင်းထန်တဲ့ ဆံပင်ကျွတ်ခြင်းမျိုးမှာ ပတဲကောကို ထုထောင်းပြီး ဦးရေပြားကို လိမ်းပေးခြင်းက သွေးလည်ပတ်မှုနဲ့ အာရုံကြော လုပ်ဆောင်ချက်ကို အားကောင်းစေပြီး ဆံပင်ကြီးထွားမှုကို မြန်ဆန်စေတဲ့အပြင် အလွန်အကျွံ ဆံပင်ကျွတ်ခြင်းကို လျှော့ပါးစေပြီး ဆံသား ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ပတဲကောမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဓာတ်များ ပါဝင်လို့ ပတဲကောရေနွေးကြမ်း သောက်သုံးခြင်းက အရိုးနဲ့ ကြွက်သားနာကျင်မှုကို သက်သာစေပြီး အဆစ်အမြစ်ရောင်ခြင်း၊ အရိုးပွခြင်း၊ ဂေါက်နဲ့ အရိုးကျိုးခြင်း စတဲ့ အရိုး/အဆစ်ရောဂါများကို သက်သာ ပျောက်ကင်းစေပါတယ်။

ဒါ့အပြင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ် စတဲ့ အရိုးသန်မာစေတဲ့ သတ္တုဓာတ်များ ပါဝင်လို့ အရိုးထုထည်ကို တိုးပွားစေပြီး ကြွက်သားများနဲ့ အဆစ်များ လှုပ်ရှားမှုကို ကူညီပေးပါတယ်။

ပတဲကောမြစ်မှာ ဗီတာမင် B6 (pyridoxine) ပါဝင်မှုဟာ ဦးနှောက်/အာရုံကြော လုပ်ဆောင်ချက်ကို အားကောင်းစေပြီး အိပ်မပျော်ခြင်းနဲ့ ပြင်းထန်စွာ အိပ်ရေးမဝခြင်းများမှာ ပတဲကောမြစ် ရေနွေးကြမ်း ၁ ခွက်ကို ပျားရည်နဲ့ သောက်ပေးခြင်းဖြင့် အိပ်ပျော်စေပါတယ်။

ချောင်းဆိုးခြင်း၊ ပန်းနာ/ရင်ကျပ်၊ အဆုတ်ရောင် အဆုတ်ပွနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ပတဲကောမြစ်မှုန့် ကော်ဖီ ၂ ဇွန်းကို မက်လင်ချဉ်မှုန့် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး ပျားရည် ကော်ဖီ ၁ ဇွန်း ထည့်ကာ တနေ့ ၂-၃ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

ပတဲကောမှာ ပိုးသတ်ဆေးအာနိသင် ပါဝင်တာကြောင့် တီဘီရောဂါမှာ ပတဲကောမြစ်မှုန့် ကော်ဖီ ၂ ဇွန်း၊ မက်လင်ချဉ်မှုန့် ကော်ဖီ ၁ ဇွန်းကို လောက်သေရွက်ပြုတ်ရည်နဲ့ တနေ့ ၃-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပတဲကော အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ရင်ပြည့် ရင်ကယ်ခြင်း၊ ဆီးပူ ဆီးအောင့်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါ အခံရှိသူများ ပတဲကော စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ပတဲကောနဲ့ ဓာတ်မတည့်သူများ ပတဲကောပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ပတဲကောပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024